ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဆုတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခဲ့သည့် ဝူရှူးအားကစားအဖွဲ့

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဆုတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခဲ့သည့် ဝူရှူးအားကစားအဖွဲ့
Published 27 December 2015

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့မှာ မျှော်မှန်းထားသည့် ရွှေဆုအရေအတွက် မရရှိခဲ့သော်လည်း ရွှေ ၁၂ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၁ ခု ရရှိကာ နိုင်ငံအလိုက် အဆင့် ၇ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မြန်မာအားကစားအဖွဲ့ ရွှေဆုရရှိမှု နည်းပါးပြီး ကျရှုံးမှု များခဲ့သော်လည်း မြန်မာဝူရှူး အားကစားအဖွဲ့က ဆုတံဆိပ် ခုနစ်ခုအထိ ရယူပေးကာ အောင်မြင်မှုများ ရယူပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာဝူရှူး အားကစားအဖွဲ့ကို ၂၀၁၅ ခုနှစ်၏ အအောင်မြင်ဆုံး အားကစားအဖွဲ့အဖြစ် ရွေးချယ်တင်ပြ လိုက်ခြင်းဖြစ်သည်။

မြတ်သက်ဆုဝေဖြိုး၊ အေးသစ္စာမြင့်အတွဲ (ဓာတ်ပုံ - အောင်မင်းသန့်)
မြန်မာဝူရှူး အဖွဲ့သည် ရွှေ သုံးခု၊ ငွေ သုံးခု၊ ကြေး တစ်ခုရရှိကာ စင်ကာပူဆီးဂိမ်းစ် ပိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစား အဖွဲ့ ၃၁ ဖွဲ့တွင် အအောင်မြင်ဆုံး အားကစား အဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။ မြန်မာဝူရှူး အဖွဲ့၏ ရွှေဆုများကို အမျိုးသမီးအားကစား သမားများကသာ ရယူပေးခဲ့ခြင်းဖြစ်ပြီး အေးသစ္စာမြင့်က တစ်ဦးချင်း ပြိုင်ပွဲတွင် တစ်ခု၊ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တစ်ခုရယူကာ ရွှေဆုအများဆုံး ရယူပေးခဲ့သည့် ဝူရှူးအားကစားမယ် ဖြစ်လာခဲ့ပြီး စန္ဒီဦးက ရွှေ တစ်ခု၊ ငွေ နှစ်ခု ရယူပေးနိုင်ခဲ့သည်။ မြန်မာဝူရှူး အဖွဲ့အတွက် ရွှေဆုများကို အမျိုးသမီး လှံရှည်ပြိုင်ပွဲတွင် စန္ဒီဦး၊ အမျိုးသမီး နန်းချွမ်+နန်းတောင်း ပြိုင်ပွဲတွင် အေးသစ္စာမြင့်၊ အမျိုးသမီး အတွဲအတိုက် ပြိုင်ပွဲတွင် မြတ်သက်ဆုဝေဖြိုးနှင့် အေးသစ္စာမြင့် အတွဲတို့က ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ငွေဆုများကို အမျိုးသမီး ချန်းချွမ်ပြိုင်ပွဲတွင် စန္ဒီဦး၊ အမျိုးသမီးအတွဲ တိုက်ပြိုင်ပွဲမှ စန္ဒီဦး+အိမ့်မီမီ၊ အမျိုးသား ဆန်းဆို ၆၅ ကီလိုပြိုင်ပွဲတွင် ကျော်လင်းထွန်း၊ ကြေး တစ်ခုကို အမျိုးသား နန်းကွန့်ပြိုင်ပွဲ၌ ဝေဖြိုးအောင်တို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ခိုင်ခိုင်မော်နှင့် ဆွေဆွေသန့်တို့ ကစားသမားဘဝမှ အနားယူပြီး နောက်ပိုင်း နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာဝူရှူး အားကစားမယ်များ၏ အောင်မြင်မှုများ လျော့ကျ လာခဲ့သော်လည်း စင်ကာပူဆီးဂိမ်းစ် ပြိုင်ပွဲတွင် ရရှိခဲ့သည့် အောင်မြင်မှုကြောင့် ကျေနပ်စရာ ဖြစ်ခဲ့ရသည်။ မြန်မာဝူရှူး အားကစားအဖွဲ့ အောင်မြင်မှု ရရှိခဲ့ခြင်းမှာ ပြိုင်ပွဲအကြို ပြင်ဆင်မှု ကောင်းခဲ့သောကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ကာလရှည် သွားရောက် လေ့ကျင့်ခဲ့ခြင်းကြောင့် ကစားသမားများ၏ အရည်အသွေးပိုင်း တိုးတက်လာပြီး အောင်မြင်မှုများ ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဝူရှူးအဖွဲ့သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၃ ပြိုင်ပွဲမှလွဲ၍ ၂၀၀၇ နောက်ပိုင်း ပြည်ပနိုင်ငံများ၌ ကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် ရွှေဆုရရှိမှု နည်းပါးနေခြင်းကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေဆုရရှိမှု နည်းပါးခဲ့ခြင်းကြောင့် ဂုဏ်ငယ်ခဲ့ရမှုကို မြန်မာဝူရှူးအဖွဲ့က ရွှေဆုသုံးခု အပါအဝင် ဆုတံဆိပ် ခုနစ်ခု ရယူပြီး ချေဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာဝူရှူး အဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီးတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဝူရှူး ချန်ပီယံရှစ် ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ငွေတစ်ခု ရယူနိုင်ခဲ့သည်။ မြန်မာဝူရှူးအဖွဲ့သည် ၂၀၁၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုတံဆိပ် မလွတ်တမ်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဝူရှူး အဖွဲ့အတွက် ရွှေဆုများ ရယူပေးခဲ့သည့် စန္ဒီဦး၊ အေးသစ္စာမြင့်နှင့် မြတ်သက်ဆုဝေဖြိုးတို့မှာ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ပထမဆုံး ရွှေဆုများ ရယူနိုင်ခြင်းဖြစ်ပြီး ရွှေ နှစ်ခုရ အေးသစ္စာမြင့်မှာ ၁၇ နှစ်သာ ရှိသေးကြောင်း သိရသည်။

Most Read

Most Recent