ထားဝယ်ခရိုင် ကလိန်အောင်မြို့နယ်ခွဲ ကံပေါက်ဒေသရှိ အမှတ်(၂)သတ္တုတွင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော DELCO ကုမ္ပဏီ၏ ခဲသတ္တုမိုင်းစီမံကိန်းအား ဒေသခံများမှ ရှေ့ဆက်လုပ်ကိုင်ခွင့် ပြု၊ မပြု နှင့် ပတ်သက်၍ ကုမ္ပဏီ၊ အုပ်ချုပ်ရေးနှင့် ဒေသခံများ ဒီဇင်ဘာ ၂၃ ရက် ညနေက ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ နောက်တစ်ကြိမ် ဆွေးနွေးပွဲပြုလုပ်မည့် ၂၀၁၆ ဇန်နဝါရီလကုန်အထိ စီမံကိန်း ဆက်လက်လည်ပတ်မည်ဟု ကုမ္ပဏီတာဝန်ရှိသူမှ ပြောကြားခဲ့မှုကို ဒသခံများက ကန့်ကွက်ခဲ့ပြီး စက်ရုံလည်ပတ်နေမှုကို ချက်ချင်းရပ်တန့်ထားရန် တောင်းဆိုခဲ့ကြသည်။ယင်းတွေ့ဆုံပွဲ၌ စီမံကိန်းမှ စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်ခြင်းကြောင့် ဒေသခံများ၏ နှစ်ရှည်ပင်များ ပျက်စီးခြင်း၊ ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ညက ခဲသတ္တုများသန့်စင်ရာမှ ထွက်ရှိလာသောနုန်းများ သိုလှောင်သည့် ရေစစ်ကန်ပြိုကျမှုကြောင့် ရဲရင်းချောင်းတစ်လျောက်ရှိ နေအိမ် ၇၀ ကျော်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသည့်အပြင် ကလေးငယ်တစ်ဦး သေဆုံးခဲ့မှုကို သေမှုသေခင်းအဖြစ်သာ အမှုဖွင့် ထားခဲ့ခြင်းတို့နှင့် နုန်းစစ်ကန်ပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံများ၏ နေအိမ်များ အသစ်တည်ဆောက်ပေးရာတွင် အခြေခံ အိမ်ထောင်ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း မရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။သုံးပွင့်ဆိုင် တွေ့ဆုံရာတွင် ဒေသခံများ ဘက်မှ DELCO သတ္တုတွင်း၏ နုန်းစစ်ကန်ပြိုကျမှုကြောင့် ချောင်းတစ်လျှောက်ရှိ နေအိမ် ၇၀ ကျော် ထိခိုက်ခဲ့ပြီး နေအိမ် ၁၉ လုံး ရေစီးနှင့်အတူ မျောပါခဲ့ကြောင်း၊ ယခုအချိန်တွင် ယင်းချောင်းအတွင်း၌ နေအိမ်အချို့နေထိုင် နေသေးပြီး ကုမ္ပဏီမှ ညဘက်တွင် ရေကန်ဖောက်ချမှုများ ပြုလုပ်နေဆဲဖြစ်သည့်အတွက် ချောင်းအတွင်းသို့ ရေများကျဆင်းလာ ပါက နောက်တစ်ကြိမ် ရေကန်ပြိုကျလာမှုအပေါ် တွေး၍စိုးရိမ်နေရကြောင်း၊ စက်တင် ဘာ ၂၃ ရက် နုန်းစစ်ကန်ပြိုကျမှုကြောင့် နေအိမ် ၁၉ လုံးဆုံးရှုံးသွားကြသူများကို နေအိမ်အသစ်များ ကုမ္ပဏီက အစားထိုး ဆောက်လုပ်ပေးခဲ့သော်လည်း အောက်ခံကွန်ကရစ်ခင်း၊ ထရံကာ၊ သွပ်မိုးမျှသာ ဆောက်လုပ်ပေးသည့်အပြင် လျှပ်စစ်မီတာတစ်လုံးသာ ပေးခဲ့၍ နေထိုင်ရန် အဆင်မပြေကြောင်း ဒေသခံများ က ပြောကြားသည်။"စက်တင်ဘာလက ရေကန်ပြိုပြီးတဲ့နောက်ပိုင်း ရပ်နားထားတဲ့ စီမံကိန်းက နိုဝင်ဘာလလယ်လောက်မှာ စက်ရုံက ပြန်လည်ပတ်ခဲ့တယ်။ ပြိုကျခဲ့တဲ့ ရေကန်ရဲ့အပေါ်ဘက်မှာ ပြိုကျခဲ့တဲ့ကန်ထက် သုံးဆလောက် ရှိတဲ့ ရေကန်ရှိတယ်။ အခုမနက်ပိုင်းဆို ရေက မြေကြီးနဲ့ ကပ်နေပေမယ့် ညဘက်ဆိုရင် နုန်းရေနောက်တွေကချောင်းထဲကို ဒူးခေါင်းကျော်(နှစ်ပေခန့်)အထိ ဆင်းလာတယ်။ ကုမ္ပဏီကနေ သူတို့ ရုံးခေါ်ပြီး အဒေါ်တို့ကို ရေနဲ့မျောပါတဲ့ပစ္စည်းအတွက်မပေးဘူး။ မျက်မြင်ပျက်စီးတာကိုပဲ ပေးမယ်လို့ ပြောခဲ့တယ်။ ရေကန်ပြိုကျလို့ အဒေါ်အိမ်က ဂွန်ဒေါင်း မြင်းကောင်ရေ ၃၀ အင်ဂျင်နဲ့ လက်တော့နှစ်လုံး ပျက်ခဲ့တယ်။ အခုက ချောင်းထဲရေကျလာပြီဆို နောက်တစ်ခါများ ရေကန်ပြိုကျလာတာလားလို့ တွေးကြောက်နေရတယ်။ သူတို့စီးပွားရေးလုပ်နေတာကိုတော့ မဖျက်ချင်ဘူး။အဒေါ်တို့ကိုချောင်းနဲ့ လွတ်ကင်းတဲ့နေရာကို ရွှေ့ပြောင်းပေးပြီးမှ စီမံကိန်း ဆက်လုပ်စေချင်တယ်။ ဒါကြောင့်မို့ အခုလိုဆွေးနွေးနေတာပါ" ဟု ကံပေါက်ကျေးရွာရှိ ရဲရင်းချောင်း အတွင်းနေထိုင်သော ဒေါ်ခင်မိုးမိုးက ဆိုသည်။ဆွေးနွေးပွဲ၌ဒေသခံများက ၎င်းတို့ တောင်းဆိုသည့် အချက်များကို သဘောတူလက်ခံမှသာ စက်ရုံကို ဆက်လက်လည်ပတ်ခွင့် ပြုမည်ဟု ပြောကြားခဲ့ပြီး ဒေသခံများနှင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲမလုပ်မချင်း စီမံ ကိန်းကို ရပ်နားထားရန် တောင်းဆိုခဲ့ကြသည်။ DELCO ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးမြအောင်ကမူ နောက်တစ်ကြိမ် ဆွေးနွေးမှု ဖြစ်မဖြစ်ကို လာမည့်ဇန်နဝါရီလကုန်ပိုင်းမှ သာပြောနိုင်မည်ဖြစ်ပြီး စက်ရုံလည်ပတ်မှုကိုမူ မရပ်နားဘဲ နောက်တစ်ကြိမ် တွေ့ဆုံပွဲမတိုင်ခင်အထိ ၎င်းတို့၏စီမံကိန်းကြောင့် လူ့အသက်များ ထပ်မံထိခိုက်မှု မရှိအောင် အာမခံကြောင်းပြောကြားခဲ့ရာ ယင်းသို့ပြောဆိုမှု အပေါ်ဒေသခံများက ကန့်ကွက်ခဲ့ပြီး စီမံကိန်းကို ချက်ချင်းရပ်နားရန် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။ဆွေးနွေးပွဲအတွင်း ဒေသခံများနှင့် ကုမ္ပဏီတာဝန်ရှိသူတို့အကြား အချေအတင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ဒေသခံများမှ ခန်းမအပြင်သို့ ထွက်ခွာသွားခြင်းဖြင့် ဆွေးနွေးပွဲကို အဆုံး သတ်ခဲ့ကြသည်။DELCO စီမံကိန်း ဆက်လက်လုပ်ကိုင်ခွင့် ပြု မပြုအတွက် ဒေသခံများဘက်မှ တောင်းဆိုသော အချက်လေးချက်ဖြစ်သည့် အလုပ်သမားဆိုင်ရာ အခွင့်အရေး၊ ပိသာစားလုပ်ကိုင်ခွင့် ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး(EMP) အကောင်အထည်ဖော်ရန်နှင့် ရေကန်တောင်ဒေသ ရေအရင်းအမြစ် ကောင်းမွန်ရေးတို့ကို တောင်းဆိုထားကာ ယင်းအချက်များကို ကုမ္ပဏီမှ သဘောတူ လက်မှတ်ရေးထိုးပြီးမှသာ စီမံကိန်းကို ဆက် လက်လုပ်ကိုင်ခွင့်ပြုမည်ဟု သိရသည်။DELCO ကုမ္ပဏီမှာ ၂၀၁၀ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကံပေါက်ဒေသရှိ DELCO သတ္တုမိုင်းအား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည့် ဇန်နဝါရီလကုန်အထိ ရပ်ဆိုင်းထားရန် ဒေသခံများ တောင်းဆို















