၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပညာရေးကဏ္ဍတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ကျောင်းဆရာ စုစုပေါင်း ၈၆၀၀၀ ကျော် တိုးချဲ့ခန့်ထားရန် လျာထား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပညာရေးကဏ္ဍတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ကျောင်းဆရာ စုစုပေါင်း ၈၆၀၀၀ ကျော် တိုးချဲ့ခန့်ထားရန် လျာထား
Published 24 December 2015

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပညာရေးကဏ္ဍတွင် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြနှင့်  တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ကျောင်းဆရာ စုစုပေါင်း ၈၆၀၀၀ ကျော် တိုးချဲ့ခန့်ထားရန် ရည်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ဒေါက်တာကံဇော်က ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးကဏ္ဍအနေဖြင့် မူလတန်းပြ ဆရာ ၄၇၃၉၅ ဦး၊ အလယ်တန်းပြ ၂၇၆၀၂ ဦး၊ အထက်တန်းပြ ၈၄၇၂ ဦး ထပ်မံခန့်ထားရန်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကော လိပ်များတွင် ကျောင်းဆရာ ၃၄၄၆ ဦးတို့ကို ထပ်မံတိုးချဲ့ခန့်ထားရန် ရည်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိရန်နှင့် စဉ်ဆက်မပြတ် တက်ရောက်နိုင်ရန် အခြေခံပညာ ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းတို့အပြင် ကျောင်းပြင်ပပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားကလေးများ မြန်မာဘာသာစကား ထိရောက်စွာ သင်ကြားသင်ယူမှုဆိုင်ရာ သုတေသနပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်း၌ ဖော်ပြထားသည်။
အဆိုပါဥပဒေကြမ်းတွင် ပညာရေး လက်တွေ့ ဖွံ့ဖြိုးစေရန်အတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းထောက်ပံ့ကြေးများ ခွဲဝေလျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးကောလိပ်များတွင် ပညာသင်ထောက်ပံ့ကြေးအား သင်တန်းသားတစ်ဦးလျှင် တစ်လ သုံးသောင်းကျပ်နှုန်း ထောက်ပံ့ရန်နှင့် ကျောင်းထောက်ပံ့ကြေး ကျပ် ၃၃ ဒသမ ၀ သန်းခန့် ထောက်ပံ့နိုင်ရန် လျာထား ကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီး အခြေခံပညာ မူလတန်းကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ ထောက်ပံ့နိုင်ရန် ကျပ်  ၄၃၃၀၂ ဒသမ ၁ သန်း၊ အခြေခံပညာ အလယ်တန်းကျောင်းသားများ  ကျောင်းလခနှင့် မိဘဆရာကြေး ထောက်ပံ့နိုင်ရန်အတွက် ကျပ် ၁၀၁၁၉ ဒသမ ၆ သန်းနှင့် အခြေခံပညာ အထက်တန်းကျောင်းသုံး စာအုပ်များ အခမဲ့ပေးဝေနိုင်ရန် ကျပ် ၇၈၁၆ ဒသမ ၆ သန်းတို့ကို ပံ့ပိုးထောက်ပံ့ရန် လျာထားကြောင်း ဥပဒေကြမ်း၌ ပါရှိသည်။
ထူးချွန်ကျောင်းသားများကို ပညာသင်ဆုများ ချီးမြှင့်ရန် အလယ်တန်းအဆင့် ကျပ် သန်း ၃၀၀၊ အထက်တန်းအဆင့်အတွက် ကျပ် သန်း ၄၅၀ နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အထောက်အကူဖြစ်စေမည့် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ရန်အတွက် မူလတန်းအဆင့် ကျပ် ၆၄၅ သန်း၊ အလယ်တန်း အဆင့် ကျပ် ၄၁၁ သန်း၊ အထက်တန်းအဆင့် ကျပ် ၂၅၈ သန်းနှင့် မူကြို ကျောင်းသားများအတွက် ကျပ်သန်း ၄၅၀၀ တို့ကို ပံ့ပိုးထောက်ပံ့ရန် လျာထားကြောင်း၊ ကျောင်းများအတွက် ကျပ် ၃၄၇၆၃ သန်းခန့် ထောက်ပံ့ရန် လျာထား ဆောင်ရွက်လျက်ရှိပြီး World Bank မှ ပညာသင်ထောက်ပံ့ကြေး ကျပ် ၅၁၄၀ သန်းနှင့် ကျောင်းထောက်ပံ့ကြေး ကျပ် ၂၈၂၃၇ သန်း ထောက်ပံ့ပေးနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent