အဂတိ လိုက်စားသည်ဟု ယူဆရသည့် တိုင်ကြားစာများ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ထံတွင် အမှုတွဲ လက်ကျန်များ ကျန်ရှိနေသည်ကို စိစစ်တွေ့ရှိရကြောင်း တိုင်ကြားစာ ကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြ

အဂတိ လိုက်စားသည်ဟု ယူဆရသည့် တိုင်ကြားစာများ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ထံတွင် အမှုတွဲ လက်ကျန်များ ကျန်ရှိနေသည်ကို စိစစ်တွေ့ရှိရကြောင်း တိုင်ကြားစာ ကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြ
Published 22 December 2015
စိုးမင်းထိုက်

အဂတိ လိုက်စားသည်ဟု ယူဆရသည့် တိုင်ကြားစာများ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ထံတွင် အမှုတွဲလက်ကျန်များ ကျန်ရှိနေသေးသည်ကို စိစစ်တွေ့ရှိရကြောင်းနှင့် တိုင်ကြားစာ ကော်မတီကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပိုင်းမှ  အလေးအနက်ထားကာ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီက ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးကာလအတွင်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာတွင် ကော်မတီသို့ ရောက်ရှိလာသည့် ပြည်သူတို့၏ တိုင်ကြားစာများအား ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ပေးပို့ခဲ့ကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ပေးပို့ခဲ့သည့် အမှုတွဲများအား အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ထံတွင် အမှုတွဲလက်ကျန်များ ကျန်ရှိနေကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကော်မတီသို့ တိုင်ကြားလာသည့် တိုင်ကြားစာများတွင် အများပြည်သူ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အဂတိလိုက်စားသည်ဟု ယူဆရသည့် တိုင်ကြားစာ အမှုတွဲများအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့ခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် နောင်လွှတ်တော်သက်တမ်းများတွင် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအား အုပ်ချုပ်ရေး၊ တရားစီရင်ရေးများဘက်မှ အလေးအနက် ပိုမိုထားရှိလာစေရန် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။
ကော်မတီအနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း၊ တိုင်ကြားစာ အများစုသည် ပြန်ကြားလာခြင်း မရှိသည့်အတွက် ဖြေရှင်းပေးမည့် အဖွဲ့အစည်းအပေါ်တွင် အားမလို အားမရ ဖြစ်လာနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် တိုင်ကြားစာများ၊ အသနားခံစာများသည် ပြည်သူများ၏ ခံစားချက်၊ နာကြည်းချက်၊ နစ်နာချက်၊ လိုလားချက်၊ တောင့်တချက်၊ ခံပြင်းချက်များ ဖြစ်သည့်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများမှ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပေးမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်တွင် ကော်မတီအနေဖြင့် အစိုးရအဖွဲ့သို့ အမှုတွဲပေါင်း ၂၀ ပေးပို့ခဲ့ပြီး ပြန်ကြားသည့် အမှုတွဲပေါင်း ခုနစ်ခုသာရှိကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုတွဲ ခြောက်ခု ပေးပို့ခဲ့ရာ လေးမှုအား ပြန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အမှုတွဲပေါင်း ၁၅၄ ခု ပေးပို့ခဲ့ရာတွင် ၅၂ ခုသာ ပြန်ကြားခဲ့ကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုတွဲ ၃၅ ခု ပေးပို့ခဲ့ရာ အမှုတွဲ ၂၈ ခု ပြန်ကြားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။         

Most Read

Most Recent