သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဘဝဖြစ်ရပ်မှန်ကို အခြေခံကာ သြစတြီးယားနိုင်ငံမှ Twilight Over Burma ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးထား

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဘဝဖြစ်ရပ်မှန်ကို အခြေခံကာ သြစတြီးယားနိုင်ငံမှ Twilight Over Burma ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးထား
Published 21 December 2015

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဘ၀ ဖြစ်ရပ်မှန်ကို အခြေခံကာ သြစတြီးယား နိုင်ငံမှ Twilight Over Burma ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးထားသည်ဟု သတင်းရရှိသည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ Sabine Derflinger က ရိုက်ကူးထားခြင်းဖြစ်ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်အဖြစ် ထိုင်းသရုပ်ဆောင် Daweerit Chullasapy က သရုပ်ဆောင်ထားခြင်းဖြစ်သည်။ မင်းသမီး မဟာဒေဝီအဖြစ် သြစတြေးလျ သရုပ်ဆောင် Maria Ehrich က သရုပ်ဆောင်ထားခြင်း ဖြစ်သည်။ အခြား သရုပ်ဆောင်များအဖြစ် Pauline Knof၊ Simon Schwarz နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်ဟု သိရသည်။သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် သြစတြီးယား နိုင်ငံမှ မိန်းကလေးတို့ လက်ထပ်ထိမ်းမြားခဲ့ပြီး ပျော်ရွှင်သော မိသားစုဘဝအဖြစ် နေထိုင်နေခဲ့ရာမှ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ရှမ်းစော်ဘွား စဝ်ကြာဆိုင်အား ဖမ်းဆီးခံရကာ မိသားစု တကွဲတပြားစီ ဖြစ်ခဲ့ရပုံကို သီပေါစော်ဘွား၏ မဟာဒေဝီ Inge Eberhard ကိုယ်တိုင် ရေးသားထုတ်ဝေထားသည့် Twilight Over Burma: My Life as a Shan Princess ကို အခြေခံကာ ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။Twilight Over Burma ရုပ်ရှင်ဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သည့် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဇာတ်ကောင် နေရာတွင် သရုပ်ဆောင်ရန် Casting ပါဝင် ရွေးချယ်ခံခဲ့ဖူးသည့် သရုပ်ဆောင် ဇဏ်က “ကျွန်တော်တို့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတုန်းမှာ မုဒြာရဲ့ခေါ်သံ ထုတ်လုပ်သူက Twilight Over Burma ဇာတ်ကား ရိုက်ကူးဖို့ ရှိတဲ့အကြောင်း ပြောပြလာပါတယ်။ ပြီးတော့ အဲဒီ ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်နေရာဖြစ်တဲ့ စဝ်ကြာဆိုင် နေရာအတွက် ထိုင်းမှာ Casting ရွေးဖို့ ရှိတယ်။ ဝင်အရွေးခံဖို့ ပြောလာတာကြောင့် ဝင်ရွေးချယ်ခံဖြစ်တာပါ။ မုဒြာရဲ့ခေါ်သံ ဇာတ်ကား ရိုက်ကူးဆဲဖြစ်တာကြောင့် ထိုင်းကိုတော့ မသွားဖြစ်လိုက်ပါဘူး။ မုဒြာရဲ့ခေါ်သံ ဇာတ်ကား ရိုက်ကွင်းမှာပဲ ကင်မရာနဲ့ ရိုက်ပြီး ပေးပို့ခဲ့တာပါ။ သူတို့ အကြောင်းပြန်လာတာကတော့ ရှမ်းစော်ဘွားရုပ်မျိုးနဲ့ ကျွန်တော်နဲ့က သိပ်မလိုက်ဖက်ဘူး။ အခု လက်ရှိ သရုပ်ဆောင်ထားတဲ့ ထိုင်းသရုပ်ဆောင်ကိုလည်း ရွေးချယ်ပြီးသား ဖြစ်နေတယ်လို့ အကြောင်းပြန်လာပါတယ်” ဟု သူ၏ အတွေ့အကြုံအား ရှင်းပြသည်။Twilight Over Burma ရုပ်ရှင်ဇာတ်ကားတွင် ထိုင်းနိုင်ငံသားများနှင့် ရှမ်းရွှေ့ပြောင်းလုပ်သား အချို့လည်း ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent