ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ငွေကြေး ထောက်ပံ့ခြင်းများအား မထိန်းချုပ်နိုင်ပါက ရန်ကုန် စတော့အိတ်ချိန်းသည် ငွေကြေးခဝါချသည့် ဗဟိုဌာနကြီး ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်ရန် စတင် လုပ်ဆောင်သူများတွင် ပါဝင်ခဲ့သည့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နှင့် လက်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ဒီဇင်ဘာ ၂၀ ရက်တွင် မြန်မာနိုင်ငံဘဏ်များ အသင်းတွင် ကျင်းပသည့် ရန်ကုန် စတော့အိတ်ချိန်းအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ဟောပြောပွဲတွင် ပြောကြားသည်။“ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ဘိန်းချတဲ့သူပဲလို့ ခင်ဗျားတို့ မြင်တယ်။ မကပါဘူး။ လက်နက်လိုမျိုး အရောင်းအဝယ်လုပ်တာ၊ ဘိန်းရောင်းတာ၊ အခွန်မဆောင်ဘဲ ရှောင်ထားတဲ့ ငွေတွေ၊ ရာဇဝတ်မှုကရတဲ့ ငွေတွေက ငွေကြေးခဝါချမှုထဲမှာ ပါပါတယ်။ လာဘ်ပေး လာဘ်ယူ လုပ်ထားတဲ့ ငွေတွေက ငွေကြေး ခဝါချမှု ဖြစ်တယ်။ အမေရိကန်လို နိုင်ငံမှာနေတဲ့ လူတစ်ယောက်ကို ပထမတစ်လ ဒေါ်လာ ၁၀၀၀ ပို့တယ်။ ရတယ်။ နောက်တစ်လ ဒေါ်လာတစ်ထောင် ထပ်ပို့တယ်။ ရချင်မှ ရတော့မယ်။ သုံးလလောက် ပို့နေပြီဆိုတာနဲ့ ဟိုဘက်ကလူက သေချာပေါက် အစစ်ခံရပြီ။ ဒီလိုမျိုး အသေးစိတ် လိုက်စစ်ထားတော့ တစ်ခုခုကို အရောင်းအဝယ် လုပ်ပြီဆိုရင် စစ်ဆေးစရာ မလိုဘူး။ ဒီမှာက အရောင်းအဝယ်တစ်ခု လုပ်တော့မယ်ဆိုမှ ငွေဖြူလား ငွေမည်းလား လိုက်စစ်နေတာ မပြီးတော့ဘူး။ စတော့အိတ်ချိန်းမှာ ဒီလိုငွေကြေးခဝါချမှု ဖြစ်လာရင် ဘယ်သူက ထိန်းချုပ်မှာလဲ။ ကျွန်တော်တော့ မကြားမိသေးဘူး။ ဥပမာ ဝယ်သူတစ်ယောက်က ရှယ်ယာတစ်သောင်း ဝယ်မယ်ဆိုပြီး Security ကုမ္ပဏီကို တင်လိုက်တယ်။ အဲဒီအချိန်မှာ ဒီဝယ်သူကို ငွေမည်း ခဝါချတာ ဟုတ်မဟုတ် ဘယ်သူက လုပ်မှာလဲ။ Security ကုမ္ပဏီက လုပ်မှာလား။ ရန်ကုန် စတော့အိတ်ချိန်းက လုပ်မှာလား။ အခုအခြေအနေအရဆိုရင် Security ကုမ္ပဏီက လုပ်ရမယ်။ သူတို့အနေနဲ့လည်း ဒီလိုလုပ်ဖို့ အခက်အခဲတွေ လူသားအရင်းအမြစ်တွေ အများကြီးရှိတယ်။ ဝယ်သူ တစ်ယောက်က ရှယ်ယာ ဝယ်မယ်ဆိုပြီး တင်လာမှ ငွေဖြူလား ငွေမည်းလား စစ်နေရင်လည်း အရောင်းအဝယ်က ဖြစ်တော့မှာ မဟုတ်ဘူး။ လွှတ်ပေးလိုက်လို့ ရှိရင်လည်း စတော့အိတ်ချိန်းက ငွေကြေးခဝါချတဲ့ ဗဟိုဌာနကြီး ဖြစ်လာလိမ့်မယ်” ဟု ဦးစိုးသိန်းက ဆိုသည်။ယခုလ ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန် စတော့အိတ်ချိန်းသည် စည်းမျဉ်းစည်းကမ်းများ တည်ငြိမ်မှု မရှိသေးခြင်း ငွေကြေးဈေးကစားသူများ ဈေးကစားမည့် အခြေအနေကို စိုးရိမ်နေရခြင်းနှင့် ကြီးကြပ်မည့်သူများသည် အစိုးရလူများသာ ဖြစ်နေခြင်း စသည့်အချက်များ ရန်ကုန် စတော့အိတ်ချိန်းအတွက် စိန်ခေါ်မှုများ ဖြစ်လာနေပြီး ကျွမ်းကျင် ပညာရှင်နှင့် လုပ်သား ရှားပါးမှု၊ စတော့အိတ်ချိန်းတွင် ပါဝင်မည့် ကုမ္ပဏီများအား မည်သို့သော အချက်များဖြင့် ရွေးချယ်ခဲ့သည်ဆိုသည့် အချက်များကို ပြည်သူများ မသိရှိသေးမှု စသည့် အချက်များအပြင် အခြားသော စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ဦးစိုးသိန်းက ဆက်လက် ပြောကြားသည်။“ငွေဖြူငွေမည်း ပြဿနာက ကျွန်တော်တို့နိုင်ငံက မလွတ်သေးဘူး။ ကျွန်တော်တို့ အနေနဲ့ အခု ရှယ်ယာတွေ ရောင်းမယ်ဆိုရင် ဒီလိုမျိုး ငွေကြေးခဝါချတာလား၊ ရှယ်ယာတွေကို ထိန်းချုပ်ချင်တာလား အသေအချာ စိစစ်လို့ရတယ်။ ဒီလို ငွေကြေးတွေကို ဈေးကစားနိုင်သူတွေကလည်း မြန်မာနိုင်ငံမှာ သိပ်မရှိဘူး။ လူနည်းစုပဲ ရှိတယ်။ ဒီလိုလူတွေက စတော့အိတ်ချိန်းမှာဆိုရင် အတားအဆီးမရှိ ဝယ်နိုင်သွားမယ်။ ကျွန်တော်တို့ စိစစ်လို့ မရတော့ဘူး။ ဒီအခြေအနေက စိုးရိမ်စရာ ဖြစ်နေတယ်” ဟု ပထမ ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းကို ဂျပန်-မြန်မာ ဖက်စပ်တည်ထောင်ခဲ့ပြီး ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီလီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၂ ရက်က မှတ်ပုံတင် ဖွဲ့စည်းခဲ့ပြီး ခွင့်ပြုမတည် ရင်းနှီးငွေမှာ ကျပ် ၁၀၀ ဘီလျံနှင့် ထည့်ဝင်ရင်းနှီးငွေမှာ ကျပ် ၃၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေ ဘုရားလမ်းရှိ မြဝတီဘဏ် ရုံးချုပ်ဟောင်းနေရာတွင် ဖွင့်လှစ်ခဲ့သည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment ,First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့သည်။အဆိုပါ ကုမ္ပဏီများမှ ရှယ်ယာများ စတင်ရောင်းချရန်ကိုမူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှသာ စတင်ရောင်းချသွားမည်ဖြစ်ပြီး ထိုသို့ ရန်ကုန်စတော့အိတ်ချိန်း မလည်ပတ်နိုင်သေးခင် စတော့အိတ်ချိန်းတွင် စာရင်းဝင်သည်ဆိုသည့် ကုမ္ပဏီများကို ကနဦး ကြေညာခဲ့ခြင်း၊ ထိုကုမ္ပဏီများသည် ပြည်သူများသို့ ကနဦး ရောင်းချမည့် ရှယ်ယာ ပုံစံများ၊ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ကြေညာနိုင်မှု မရှိသေးခြင်း၊ ထိုသို့သော လုပ်ငန်းစဉ်များကို လုပ်ဆောင်နေမှု ရှိမရှိ မသိရသေးခြင်း စသည့် အချက်များမှာလည်း လုပ်ထုံးလုပ်နည်းအရ မှားယွင်းမှုများ ရှိနေသည်ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုများအား ငွေကြေး ထောက်ပံံ့ခြင်းကို မထိန်းချုပ်နိုင်ပါက ရန်ကုန် စတော့အိတ်ချိန်းသည် ငွေကြေးခဝါချသည့် ဗဟိုဌာနကြီး ဖြစ်လာနိုင်ဟု သုံးသပ်










