နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါဝင်ရမည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀ ရွေးချယ်မှုကို UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ သီးသန့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်

နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါဝင်ရမည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀ ရွေးချယ်မှုကို UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ သီးသန့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်
Published 20 December 2015

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရမည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀ ရွေးချယ်မှုကို ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ သီးသန့်အစည်းအဝေး ပြုလုပ်၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စသည်တို့ကို ဆွေးနွေးမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ် အချိုးအစားကို အစိုးရမှ ၇၅ ဦး၊ လွှတ်တော်မှ ၇၅ ဦး၊ တပ်မတော်မှ ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၁၅၀၊ နိုင်ငံရေး ပါတီမှ ၁၅၀၊ တိုင်းရင်းသား ၅၀၊ ဖိတ်ကြားသင့်သူ ၅၀ နှင့် စုစုပေါင်း ၇၀၀ ပါဝင်ရန် UPDJC က အတည်ပြု သတ်မှတ်ခဲ့ကြောင်း သိရသည်။UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က “၁၅၀ ကို ပါတီပေါင်းက ၉၂ ပါတီ ရှိတာဆိုတော့ တစ်ဦးစီပေါ့။ ဒါဆို ၉၂ ယောက်။ ပြီးရင် ရွေးကောက်ပွဲမှာ အနိုင်ရရှိတာ ၂၂ ပါတီပဲ ရှိတယ်။ အဲဒီတော့ အနိုင်ရတဲ့ အတွက်မို့လို့ အဲဒီ ပါတီတွေက နောက်တစ်ယောက်စီ ထပ်ပါမယ်။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့်မှာနိုင်တာ ၁၃ ပါတီ။ ပြည်ထောင်စု အဆင့်ဆိုတာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ နိုင်ရင် အဲဒီ နိုင်တဲ့ အဖွဲ့အစည်းတွေက နောက်တစ်ယောက်စီ ထပ်ပေးရမယ်။ အဲဒီတော့ ၉၂ အပေါင်း ၂၂ အပေါင်း ၁၃ ပြီးတော့ အခု UPDJC အဖွဲ့ဝင်တွေ ၁၆ အပေါင်း အကြံပေး ရှစ်ယောက် အပါအဝင်ဆိုရင် ၂၄ ယောက်။ ၂၄ ပါ ထပ်ပေါင်းလိုက်ရင် ၁၅၁ ယောက် ဖြစ်သွားပြီ။ တစ်ယောက် ပိုနေတယ်။ တစ်ယောက် ပိုနေတော့ အစည်းအဝေးမှာ UPDJC က အဲဒီ ပြည်ထောင်စုအဆင့် နိုင်တဲ့ဟာကို သူ့ကို ထည့်တွက်မရေပါနဲ့ ၁၂ ပဲ လုပ်လိုက်ပါဆိုတော့ ၁၅၀ အတိ ဖြစ်သွားတယ်” ဟု ဆိုသည်။ထိုသို့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀ ရွေးချယ်မှု အစည်းအဝေး ပြုလုပ်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။“ဒါကတော့ ပါတီသီးသန့်ပေါ့။ ၁၆ ယောက်လုံးတော့ မတက်ဘူး။ မတက်ဘူး ဆိုတာက NLD နှစ်ယောက်ကတော့ အဲဒီပါတီ အစုအဖွဲ့ရဲ့ သီးသန့်အစည်းအဝေးမှာ သူတို့က မတက်ဘူး။ အဲဒီနေ့ အစည်းအဝေးမှာလည်း ဦးဉာဏ်ဝင်းနဲ့ ဦးထွန်းထွန်းဟိန်က မလာဘူး။ ကို နိုင်ငံလင်းက ကိုယ်စားလာတယ်။ ပြီးတော့ ကိုနိုင်ငံလင်းက ပြန်သွားတယ်” ဟု ပြောကြားသည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ဖွဲ့စည်းထားသည့် UPDJC က ရေးဆွဲထားသော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရမည့် ကိုယ်စားလှယ် အချိုးအစား၊ အစုအဖွဲ့ ပုံစံသာမက မူဘောင် တစ်ခုလုံးကိုပါ ပြန်ပြင်၍ရမည့် အခြေအနေမျိုး ရေးဆွဲထားကြောင်း သိရသည်။

Most Read

Most Recent