ရွေးကောက်ပွဲပြီးနောက် ပထမဆုံး အကြိမ်အဖြစ် UNA ခေါင်းဆောင်များ အစည်းအဝေး ယခုလကုန် ပြုလုပ်မည်

ရွေးကောက်ပွဲပြီးနောက် ပထမဆုံး အကြိမ်အဖြစ် UNA ခေါင်းဆောင်များ အစည်းအဝေး ယခုလကုန် ပြုလုပ်မည်
Published 20 December 2015
ဇာလီမြင့်ဦး

ရွေးကောက်ပွဲပြီးနောက် ပထမဆုံး အကြိမ်အဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်များ အစည်းအဝေးကို ယခုလကုန်ပိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။        အဆိုပါ ကိစ္စနှင့် ပတ်သက်၍ UNA အဖွဲ့ဝင် ပါတီများမှ ကိုယ်စားလှယ်များ အစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။UNA ခေါင်းဆောင် တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား ပါတီမှ ဦးအေးသာအောင်က “ဒီနေ့လုပ်တဲ့ အစည်းအဝေးက အတွင်းရေးမှူး အစည်းအဝေး ဆိုပေမယ့်လည်း လူတော်တော် စုံပါတယ်။ ကျွန်တော်တို့၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် အဖွဲ့ဝင်ပါတီ အကုန်လုံးနီးပါး တက်ရောက်တယ်။ ဒီနေ့ အစည်းအဝေးကနေ ကျွန်တော်တို့ အနေနဲ့ UNA ခေါင်းဆောင်များ အစည်းအဝေးကို ဒီဇင်ဘာ ၂၉၊ ၃၀ မှာ ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ သဘောတူခဲ့တယ်” ဟု ပြောကြားသည်။ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကို ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် တိုင်းရင်းသား ပါတီများဖြင့် ၂၀၀၂ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည်။ ထို့ပြင် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညီလာခံကိုလည်း သုံးကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။“အဓိကအားဖြင့် ရွေးကောက်ပွဲနောက်ပိုင်း ကျွန်တော်တို့ UNA ရဲ့ သဘောထားတွေ၊ ရပ်တည်ချက်တွေကို ပြန်ပြီးဆွေးနွေးကြမယ်။ နောက် UNA အနေနဲ့ဆိုရင် အဖွဲ့ကို ပိုမို ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းဖို့ အတွက်လည်း ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင် ရေးဆွဲနေတာ ရှိတယ်။ ဒီအကြောင်းအရာတွေလည်း ပါမှာပါ။ နောက်ပြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆောင်ရွက်ရမယ့် အပိုင်းတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်မှာပါ။ ဆွေးနွေးပွဲမှာ အဖွဲ့ဝင်ပါတီ ရှစ်ခုက ခေါင်းဆောင်ရှစ်ဦး အပါအဝင် တစ်ပါတီကို သုံးယောက်နှုန်း တက်ရောက်ဆွေးနွေးဖြစ်မှာ ဖြစ်တယ်။ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေး စတာတွေအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီတွေ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟု ဦးအေးသာအောင်က ဆက်လက်ပြောကြားသည်။UNA တွင် တိုင်းရင်းသားပါတီ ရှစ်ပါတီ ပါဝင်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်၊ ကရင်အမျိုးသားပါတီတို့ ဖြစ်သည်။လက်ရှိတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ဝင်ရောက်ရန် စာဖြင့် လျှောက်ထားသည့် ပါတီ ခြောက်ခုရှိပြီး ချင်းပြည်နယ် ဒီမိုကရေစီပါတီ၊ ရခိုင်မျိုးချစ်ပါတီနှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ပါဝင်ကြောင်း သိရသည်။UNA အဖွဲ့ဝင်ပါတီ ရှစ်ခု ရှိသည့်အနက် ရွေးကောက်ပွဲတွင် လေးပါတီက အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နေရာ ၄၀၊ ရခိုင်အမျိုးသား ပါတီက ၄၄ နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ခြောက်နေရာနှင့် မွန်အမျိုးသား ပါတီက သုံးနေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိ လျှောက်ထားသည့် တိုင်းရင်းသားပါတီများမှ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီမှာ ရွေးကောက်ပွဲတွင် လွှတ်တော်လေးနေရာတွင် အနိုင်ရရှိထားပြီး ကျန် နှစ်ပါတီမှာမူ အနိုင်ရရှိထားခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent