လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ ရရှိထားပြီး မြန်မာဘက်မှ ပို့ကုန် ၂ ဒသမ ၇ ဘီလျံ တင်ပို့မှုဖြင့် ကုန်သွယ်မှု အသာစီးရနေ

လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ ရရှိထားပြီး မြန်မာဘက်မှ ပို့ကုန် ၂ ဒသမ ၇ ဘီလျံ တင်ပို့မှုဖြင့် ကုန်သွယ်မှု အသာစီးရနေ
Published 20 December 2015
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို လေ့လာကြည့်ပါက စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ ရရှိထားပြီး မြန်မာဘက်မှ ပို့ကုန် ၂ ဒသမ ၇ ဘီလျံ တင်ပို့မှုဖြင့် ကုန်သွယ်မှု အသာစီး ရနေကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံတွင် မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရရှိထားကြောင်း သိရသည်။“အခုချိန်ထိ နယ်စပ်ကုန်သွယ်မှုမှာ မြန်မာဘက်က အသာစီးရတာ များတယ်။ သူတို့ဘက်က တင်သွင်းတာ နည်းတယ်။ အခုချိန်ထိ နယ်စပ်မှာ အမြဲတမ်း အသာစီးရတာ များတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ကုန်ကဏ္ဍ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀၊ သတ္တုကဏ္ဍ တင်ပို့မှုမှ ဒေါ်လာ ၆၈၈ သန်းအထိ တင်ပို့မှု ရှိခဲ့သည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံဘက်သို့ ပို့ကုန်တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၉၁ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းမှု ပမာဏ ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်းနှင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၅၉၂ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားသည်။မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာ လဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ ဘီလျံ ရရှိထားပြီ ဖြစ်သော်လည်း ယခင် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်းနေကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၈၃၃၀ ဒသမ ၄၉၄ သန်းရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၉၂၄၁ ဒသမ ၉၂၃ သန်း ရှိခဲ့သဖြင့် လက်ရှိ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ထက် ဒေါ်လာ ၉၁၁ ဒသမ ၄၂၉ သန်း လျော့နည်းနေခြင်းဖြစ်သည်။

Most Read

Most Recent