၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ လုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ လုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း
Published 18 December 2015

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ လုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့များကို ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ လုပ်ငန်းများနှင့် ရသုံးငွေများကို စိစစ်ရန်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးစီဖြင့် အဖွဲ့ ၁၉ ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။အဆိုပါ ပူးပေါင်းအဖွဲ့များသည် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု လွှတ်တော် စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် ကောင်စီ (နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အပါအဝင်)၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသား လွှတ်တော်ရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ပြည်ထောင်စု ရာထူးဝန်နှင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းများနှင့် ရသုံးငွေများကို စိစစ်ရမည်ဖြစ်ကြောင်း သိရသည်။စိစစ်ရေး ပူးပေါင်းအဖွဲ့များသည် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်၊ နိုင်ငံတော်၏ အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်း လုပ်ငန်းများနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအလိုက် အသေးစိတ် လေ့လာစိစစ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် လျှော့၍ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်တို့ကို ဖော်ပြရမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်မည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးခြင်း၊ စာဖြင့် ရေးသား တင်သွင်းစေခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Most Read

Most Recent