စီးကရက်နှင့် အရက်များအပေါ် စည်းကြပ်နေသည့် အခွန်နှုန်းထားများသည် အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက များစွာ နိမ့်ကျနေသည့်အတွက် အခွန်တိုးမြှင့် ကောက်ခံရန် ကိုယ်စားလှယ်များ ဆွေးနွေး

စီးကရက်နှင့် အရက်များအပေါ် စည်းကြပ်နေသည့် အခွန်နှုန်းထားများသည် အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက များစွာ နိမ့်ကျနေသည့်အတွက် အခွန်တိုးမြှင့် ကောက်ခံရန် ကိုယ်စားလှယ်များ ဆွေးနွေး
Published 18 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

စီးကရက်နှင့် အရက်များအပေါ် စည်းကြပ်နေသည့် အခွန်နှုန်းထားများသည် အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက များစွာ နိမ့်ကျနေသည့်အတွက် အခွန်တိုးမြှင့် ကောက်ခံရန် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ သည်။ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် ပါဝင်နေသည့် အရက်နှင့် စီးကရက်များ အပေါ်တွင် အခွန်တိုးမြှင့် ကောက်ခံရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။NLD ကိုယ်စားလှယ်  ဒေါ်ခင်စန်းလှိုင်က စီးကရက် အမျိုးမျိုးနှင့် အရက် အမျိုးမျိုးအပေါ် အခွန်စည်းကြပ်ရာတွင် တန်ဖိုးအပေါ် မူတည်ပြီး ကောက်ခံသည့် စနစ်အစား အရေအတွက် အပေါ်တွင် မူတည်ကာကောက်ခံသည့် စနစ်မှာ ကောင်းမွန်ကြောင်း၊ ထိုသို့ ကောက်ယူခြင်းဖြင့် အခွန်ဘဏ္ဍာ ပိုမိုရရှိလာမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ထို့ပြင် စီးကရက်နှင့် အရက်များအပေါ် အခွန်စည်းကြပ်ရာတွင် အခွန်ဘဏ္ဍာ ရရှိရေးအတွက် သာမက ပြည်သူများ၏ အကျိုးစီးပွားအတွက် ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စည်းကြပ်သည့် အခွန်နှုန်းမှာ ပြည်သူလူထု သုံးစွဲမှုကို လျော့နည်းသွားစေရန် မြင့်မားရန် လိုအပ်ကြောင်း၊ စားသုံးမှု နည်းစေလိုပါက အခွန် ပိုကောက်ရမည် ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် စီးကရက်နှင့် အရက်များအပေါ် စည်းကြပ်နေသည့် အခွန်နှုန်းထားများသည် အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျလျက်ရှိကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။“အခွန်နှုန်း နိမ့်ကျမှုကြောင့် နိုင်ငံတွင်း သုံးစွဲနေသည့် စီးကရက် အရေအတွက် နှစ်စဉ် မြင့်တက်လာတာ တွေ့ရပါတယ်။ ဈေးကွက်အတွင်းတွင် ဈေးအပေါဆုံး စီးကရက် တစ်ဘူး၏ တန်ဖိုးသည် ကျပ် ၄၀၀ ခန့် ရှိပါတယ်။ ဈေးပေါပေါနဲ့ရနိုင်တဲ့ ဆေးပေါ့လိပ်နဲ့ ကွမ်းယာတွေလည်း ရှိပါသေးတယ်။ ဈေးပေါတဲ့ အရက်တွေကြောင့် အရက်သောက်သုံးတဲ့ ဦးရေဟာလည်း နှစ်စဉ် တိုးပွားလာနေတာ တွေ့ရပါတယ်။ အရက်နဲ့ ဆက်နွှယ်တဲ့ ရောဂါဖြစ်ပွားမှုကလည်း တိုးပွားလာနေတာလည်း တွေ့ရပါတယ်။ အဲဒီအတွက် အရက်နဲ့ စီးကရက် အခွန်တွေကို တိုးမြှင့် ကောက်ခံသင့်ပါတယ်” ဟု ၎င်းက ဆွေးနွေးခဲ့သည်။ဘီယာနှင့် ဝိုင်အမျိုးမျိုးအတွက် အခွန်စည်းကြပ်ရာတွင်လည်း တန်ဖိုးအပေါ် ရာနှုန်းသတ်မှတ် စည်းကြပ်ခြင်းထက် အရေအတွက်အပေါ် အခြေခံ သတ်မှတ်သင့်ကြောင်း၊ အရက်နှင့် ဆေးလိပ် အန္တရာယ်မှ ကင်းဝေးရန်အတွက် ထိုပစ္စည်းများအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများကို မြင့်မားစွာ သတ်မှတ်သင့်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြင်ဆင်ထားသည့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့များ အသုံးပြုရန် တင်သွင်းလာသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော ကျွန်း၊ သစ်မာသစ်လုံးနှင့် အခြေခံ အဆင့်သာ ခွဲစိတ်ထားသော သစ်ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်၊ အခြား ကျောက်မျက်ရတနာ အရိုင်းထည်များ၊ အချောထည်များနှင့် လက်ဝတ်ရတနာများမှအပ အထူး ကုန်စည်များဟု ပြင်ဆင်ချက်အစား မူလပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းများ အသုံးပြုရန် တင်သွင်းလာသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော အထူး ကုန်စည်များဟုသာ ထားရှိသင့်ကြောင်း ဆွေးနွေးခဲ့သည်။အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက “လက်ရှိမှာဆိုရင် ဝိုင်ကို ပြည်ပကနေ မြောက်မြားစွာ တင်သွင်းနေပါတယ်။ အထူးကုန်စည်များကို အခွန်များများ ကောက်သင့်ပါတယ်။ အခွန်များများ ကောက်မယ်ဆိုရင် အစိုးရမှာ တာဝန် ပိုများပါတယ်။ အခုတောင် အခွန်နည်းနည်း ကောက်တာတောင် မှောင်ခိုဝင်နေတာက တော်တော်များပါတယ်။ မှောင်ခိုဝင်တာက ရာခိုင်နှုန်း ၉၀ လောက် ရှိတယ်။ တရားဝင် တင်သွင်းတာက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ မှောင်ခို ဝင်တာတွေကို တားဆီးနိုင်ဖို့လိုတယ်။ ထိထိရောက်ရောက် တားဆီးနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်” ဟု ဆွေးနွေးခဲ့သည်။“အထူးကုန်စည်ကို ပြည်တွင်းမှာ ထုတ်လုပ်ခြင်း ဆိုရာမှာလည်း ကျွန်တော့်မှာ အတွေ့အကြုံ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဗီးဂပ်စ်ဆေးလိပ်ကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာစိုက်ပျိုးရေးနိုင်ငံ ဆိုပေမယ့် ဆေးရွက်ကြီးစိုက်တာ တော်တော် နည်းနေပါပြီ။ စက်တစ်လုံးကို တစ်မိနစ်မှာ အလိပ်ရေ တစ်သောင်း ထွက်တယ်။ ၁၀ လုံးဆို တစ်မိနစ်ကို အလိပ်ရေ တစ်သိန်း ထွက်တယ်။ ၂၄ နာရီ ထုတ်လုပ်တယ်။ ဈေးကွက်ရဲ့ ရာခိုင်နှုန်း ၅၀ အထိ ရရှိခဲ့ပေမယ့် အဲဒီတုန်းက တာဝန်ယူတဲ့ ဝန်ကြီးနဲ့ မပြေလည်တာနဲ့ ပိတ်သိမ်းခဲ့ရပါတယ်။လူကို ဒုက္ခပေးတဲ့အရာ ဖြစ်တဲ့အတွက် လိုလိုလားလား အပိတ်ခံခဲ့ပါတယ်။ ပြည်တွင်းကစိုက်ပျိုးထုတ်လုပ်မယ့် ဆေးရွက်ကြီးတွေအတွက် အကာအကွယ် လုပ်ပေးဖို့ လိုပါတယ်။ ပြည်ပက ဝင်လာမယ့် ကုန်စည်တွေကို ကာကွယ်ပေးမယ်ဆိုရင် စိုက်ပျိုးသူတွေ ပြန်လည်ဖွံ့ဖြိုးလာမယ်။ ဘာလို့လည်းဆိုတော့ ဆေးရွက်ကြီး ဆိုတာက အရင်က အရမ်းစိုက်ပျိုးခဲ့ကြတယ်။ ဈေးပေါပေါရတဲ့ အရက်တွေကို သောက်ပြီး သေဆုံးသွားခဲ့တဲ့သူတွေ အများကြီးပဲ။ ဖိနပ်စုတ်တွေ၊ ရော်ဘာတွေ၊ ဓာတ်မြေသြဇာတွေ သုံးပြီး အရက်ချက်နေကြတာတွေ ရှိနေပါတယ်။ အခွန်အခ တိုးကောက်ပြီဆိုရင် အစိုးရမှာ တာဝန်ရှိလာပြီ။ အတုလုပ်တာတွေကို ဖမ်းဖို့လိုတယ်။ မမှန်မကန် အရက်ချက်တာကအစ ဖမ်းဖို့လိုတယ်။ ဆေးလိပ်တိုင်းမှာ တံဆိပ်ခေါင်း ကပ်ထားရင် အခွန်ဆောင်ထားလား မဆောင်ထားလား သိသာပါတယ်။ ပြည်တွင်းက အခွန်ဆောင်ပြီး ထုတ်လုပ်တဲ့ သူတွေအတွက် များစွာ နစ်နာပါတယ်။ အတုတွေ ထပ်ထွက်လာတော့ ထုတ်လုပ်သူတွေ ပိုနစ်နာပါတယ်။ ပြည်ပကနေ မှောင်ခိုဝင်နေတာကို အစိုးရအနေနဲ့ ကာကွယ် ပေးသင့်ပါတယ်။ အထူး ကုန်စည်တွေကို ပြည်ပပို့မယ်ဆိုရင် အခွန် လျှော့ပေးသင့်ပါတယ်” ဟု ဆက်လက် ဆွေးနွေးခဲ့သည်။

Most Read

Most Recent