လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ မြန်မာ-အမေရိကန် ကုန်သွယ်မှုမှ ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားရာ အမေရိကန်ဘက်မှ သွင်းကုန်တန်ဖိုး ၆၅ သန်းရှိခဲ့ပြီး မြန်မာမှ ၃၈ သန်းသာ တင်ပို့နိုင်

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ မြန်မာ-အမေရိကန် ကုန်သွယ်မှုမှ ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားရာ အမေရိကန်ဘက်မှ သွင်းကုန်တန်ဖိုး ၆၅ သန်းရှိခဲ့ပြီး မြန်မာမှ ၃၈ သန်းသာ တင်ပို့နိုင်
Published 17 December 2015
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ပထမပတ်အထိ မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် လက်ရှိအချိန်၌  မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁၀၃ သန်းတွင် အမေရိကန်ဘက်မှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၈သန်းသာ တင်ပို့နိုင်သေးကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန် ကုန်သွယ်မှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၅၀ အထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။        
“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က မြန်မာနဲ့ အမေရိကန် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၅၅၀ရခဲ့တာ မနှစ်ကထက်ပိုပြီး ကုန်သွယ်မှု ပြုနိုင်ခဲ့ပါတယ်။ အဲဒီသန်း ၅၅၀ မှာ အမေရိကန်ဘက်က ကုန်ပစ္စည်း တင်သွင်းမှုက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးအထိ ရှိခဲ့ပြီးတော့ ကျွန်တော်တို့ဘက်က အမေရိကန်ကို တင်ပို့နိုင်ခဲ့တာက ဒေါ်လာသန်း၅၀ဖိုးပဲ ရှိခဲ့ပါတယ်”ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့ခဲ့မှုတန်ဖိုး ၃၈ သန်းအနက် လယ်ယာထွက်ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ နှစ်သန်း၊ ပဲမျိုးစုံတင်ပို့မှု အနေဖြင့်  အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ သန်းရှိခဲ့ကြောင်း၊ ပဲမျိုးစုံအနက် မတ်ပဲနှင့် ပဲတီစိမ်းကို အဓိက တင်ပို့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရေထွက်ပစ္စည်းများကို တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် တင်ပို့ခဲ့ကြောင်းနှင့် စက်မှု ကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါး တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိကုန်ပစ္စည်းများ တင်သွင်းခဲ့မှုအနက် အဓိကအနေဖြင့် လူသုံးကုန်ပစ္စည်းများဖြစ်ကာ တန်ဖိုး အမေရိကန် ဒေါ်လာ  ၄၂၈ သန်းအထိ တင်သွင်းခဲ့ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများအား ဒေါ်လာသန်း ၅၀ အထိလည်းကောင်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများအား တန်ဖိုးဒေါ်လာ ၂၁ သန်းဖိုးအထိ တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

Most Read

Most Recent