ကျောက်တံတားမြို့နယ်တွင် ယာဉ်ထိန်းရဲက စစ်ဆေးသည်ကို မရပ်ဘဲ ထွက်ပြေးသွားသည့်ယာဉ်အား ဖမ်းဆီးရမိရာ ပိုင်ဆိုင်မှုအထောက်အထားများ မပြနိုင်သဖြင့် ယာဉ်အား ခေတ္တထိန်းသိမ်းထားကြောင်း ဒီဇင်ဘာ ၁၆ ရက်က စုံစမ်းသိရသည်။
ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းတစ်လျှောက်တွင် ယာဉ်ထိန်းရဲအပါအဝင် မြို့နယ်စည်ပင်နှင့် စည်ပင်သာယာရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်ပါဝင်သော အဖွဲ့သည် စီမံချက်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သည့် ယာဉ်များအား ဖမ်းဆီးစစ်ဆေးမှု ဆောင်ရွက်နေစဉ် 1G\ .... နံပါတ်ပြားပါ တိုယိုတာ Crown အမျိုးအစားယာဉ်တစ်စီးကို စစ်ဆေးရန်အတွက် တားဆီးခဲ့ရာတွင် အဆိုပါယာဉ်သည် မရပ်ဘဲ မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့သဖြင့် အခြားယာဉ်ထိန်းတပ်ဖွဲ့များဖြင့် ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ပန်းဆိုးတန်းလမ်းနှင့် အနော်ရထာလမ်းထောင့်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်ပါ အမျိုးသမီးသည် သတ်မှတ်ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခြင်းမဟုတ်ဘဲ သင်မောင်းလိုင်စင်သာ ပါရှိကြောင်း နှင့် ယာဉ်ပိုင်ဆိုင်မှု အထောက်အထားများလည်း မပါရှိကြောင်း ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ သိရသည်။
“မောင်းပြေးတဲ့ကားကို ဖမ်းမိတော့ ကားမောင်းတဲ့အမျိုးသမီးက “ငါ့ကားကို ဘာလို့ဖမ်းတာလဲ” “ငါဘာမှားလို့လဲ” လို့ ပြောတယ်။ ကားမောင်းလိုင်စင်ပြဆိုတော့ သင်မောင်းလိုင်စင်ပဲရှိတယ်။ သတ်မှတ်လိုင်စင်မရှိဘူး။ ယာဉ်ပိုင်ဆိုင်မှုအထောက်အထား ဖြစ်တဲ့ ဝှီးတက်လည်း မရှိဘူး။ သူ့ကိုဖမ်းတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းတွေပြောပြီး အော်ဟစ်နေတယ်”ဟု ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ဒုရဲမှူး စိုးမင်းထွန်းက ပြောကြားသည်။
ယာဉ်ပိုင်ဆိုင်မှု အထောက်အထား မပြနိုင်သည့်အတွက် အဆိုပါယာဉ်အား ၅၁ လမ်းရှိ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၌ ခေတ္တထိန်းသိမ်းထားကြောင်းသိရပြီး ကညနတွင် မှတ်ပုံတင်ထားခြင်း ရှိ မရှိ အကြောင်းကြားစာဖြင့် မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Facebook စာမျက်နှာများတွင် လူကိုတိုက်၍ မောင်းပြေးသောယာဉ်ကို ယာဉ်ထိန်းရဲက တားဆီးစစ်ဆေးရာ ကားမောင်းလာသည့် အမျိုးသမီးသည် သူ၏ ဖခင်မှာ အတွင်းဝန်ရုံးကဟုဆိုပြီး လိုင်စင်မပေးဘဲ အော်ဟစ်ကာ ပြဿနာရှာခဲ့သည်ဟူသည့်သတင်းများ ပျံ့နှံ့လျက်ရှိသည်။
အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးအောင်ကိုဦးက“အဲဒီကလေးမက ဘယ်သူ့ကိုမှ မတိုက်ခဲ့ဘူး။ မောင်းပြေးတာပဲ ရှိတယ်”ဟု ဆိုသည်။
ကျောက်တံတားမြို့နယ်တွင် ယာဉ်ထိန်းရဲက တားသည်ကို မရပ်ဘဲ ထွက်ပြေးသည့်ယာဉ်အား ဖမ်းဆီးရမိရာ ပိုင်ဆိုင်မှုအထောက်အထား မပြနိုင်၍ ယာဉ်ကို ခေတ္တထိန်းသိမ်း















