လက်ရှိ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပပို့ကုန်အုပ်စု ခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ ပါဝင်သည့် စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၄ ဘီလျံကျော်ရှိကာ ရငွေအများဆုံး ကဏ္ဍဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင် တင်ပို့မှုမှ ရငွေပိုများ

လက်ရှိ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပပို့ကုန်အုပ်စု ခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ ပါဝင်သည့် စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၄ ဘီလျံကျော်ရှိကာ ရငွေအများဆုံး ကဏ္ဍဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင် တင်ပို့မှုမှ ရငွေပိုများ
Published 16 December 2015

လက်ရှိ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပပို့ကုန်အုပ်စု ခုနစ်မျိုးအနက် သဘာဝဓာတ်ငွေ့ ပါဝင်သည့် စက်မှုကုန်ချောအုပ်စု ပြည်ပတင်ပို့မှုမှ ဒေါ်လာ လေးဘီလျံကျော်ရငွေ အများဆုံးဖြစ်ပြီး ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင်တင်ပို့မှု ပမာဏ ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ပသို့ပို့ကုန် တင်ပို့မှုမှ ရငွေ စုစုပေါင်း ဒေါ်လာ ၇၂၁၇ သန်းကျော်ရှိကြောင်း သိရသည်။ယင်းကဲ့သို့ တင်ပို့ရာတွင် လယ်ယာထွက်ပစ္စည်းအုပ်စု တင်ပို့မှုမှ ဒေါ်လာ ၁၅၀၂ သန်းကျော်၊ တိရစ္ဆာန်ထွက် တင်ပို့မှုမှ ဒေါ်လာလေးသန်းကျော်၊ ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၂၅၆ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ ဒေါ်လာ ၈၂၀ သန်းကျော်၊ သစ်တောထွက် တင်ပို့မှုမှ ဒေါ်လာ ၁၁၉ သန်းကျော်၊ စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၄၂၅၅ သန်းကျော်နှင့် အခြားကုန်စည်မျိုးစုံ တင်ပို့မှုမှ ဒေါ်လာ ၂၅၈ သန်းကျော် အသီးသီး ရရှိထားကြောင်း သိရသည်။ပြည်ပသို့ ပို့ကုန်တင်ပို့မှု ပြုလုပ်ရာတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ နှစ်မျိုး ခွဲထားပြီး အခြားကုန်စည် အုပ်စုများအား ပြည်ပသို့ တင်ပို့ရာတွင် ပုဂ္ဂလိပိုင် တင်ပို့မှု ပိုများပြီး သတ္တုတွင်းထွက်နှင့် စက်မှုကုန်ချောအုပ်စု တင်ပို့မှုတွင်မူ နိုင်ငံပိုင်တင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၄၂၅၅ ဒသမ ၄၂၃ သန်းရှိပြီး နိုင်ငံပိုင် တင်ပို့မှုမှ ဒေါ်လာ ၂၉၄၈ ဒသမ ၈၉၁ သန်းနှင့် ပုဂ္ဂလိကပိုင် တင်ပို့မှုမှ ဒေါ်လာ ၁၃၀၆ ဒသမ ၅၃၂ သန်းဖြစ်ကြောင်း သိရသည်။ စက်မှုကုန်ချောဟုဆိုရာ၌ သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးအထည်၊ ပလတ်စတစ် ဖြတ်စများနှင့် အခြားကုန်စည်များ ပါဝင်ပြီး သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးအထည်များ ပြည်ပတင်ပို့မှုမှ ရငွေပိုများကြောင်း သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် နိုင်ငံခြားကုန်သွယ်မှု ပြုရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတို့မှတစ်ဆင့် တရုတ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံတို့ဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ရငွေမှာ ယခင်နှစ် တင်ပို့မှု ပမာဏထက်ပင် ပိုများပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၃၇၆၉ ဒသမ ၈၂၉ သန်းကျော်ရှိပြီး နိုင်ငံပိုင် တင်ပို့မှုမှ ဒေါ်လာ ၃၀၅၀ ဒသမ ၄၆၃ သန်းရှိပြီး ပုဂ္ဂလိကပိုင် တင်ပို့မှုမှ ဒေါ်လာ ၇၁၉ ဒသမ ၃၆၆ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent