ခြောက်နှစ်အတွင်း တောဆင်ရိုင်းသေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု ၁၀၇ ကောင်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်

ခြောက်နှစ်အတွင်း တောဆင်ရိုင်းသေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု ၁၀၇ ကောင်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်
Published 16 December 2015
ဆန်းထူးအောင်

၂၀၁၀မှ ၂၀၁၅ ခုနှစ်အတွင်း တောဆင်ရိုင်းသေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု ၁၀၇ ကောင်အထိရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။
 
“ခြောက်နှစ်အတွင်းမှာ တောဆင်ရိုင်း သေဆုံးသတ်ဖြတ်ခံရတာက ၁၀၇ ကောင်ရှိတယ်။ အဲဒီထဲမှာ သဘာဝအတိုင်း သေဆုံးတာက ၆၃ ကောင်ရှိတယ်။ ကျန်တဲ့ ၄၄ ကောင် က လူတွေသတ်ဖြတ်လို့ သေတာဖြစ်တယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ခြောက်နှစ်အတွင်း တောဆင်ရိုင်း သေဆုံး၊ သတ်ဖြတ်ခံရမှုစာရင်းသည် ပဲခူးတိုင်းဒေသကြီးတွင် ကောင်ရေ ၂၀၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၇ ကောင်၊ မန္တလေးတိုင်းဒေသကြီးတွင် ခြောက်ကောင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ကောင်၊ ကချင်ပြည်နယ်တွင် တစ်ကောင်၊ ရခိုင်ပြည်နယ်တွင် ၁၆ ကောင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုးကောင်၊ မကွေးတိုင်းဒေသကြီးတွင် လေးကောင်နှင့် နေပြည်တောင်ကောင်စီနယ်မြေတွင် နှစ်ကောင်တို့ ဖြစ်ကြောင်း သိရသည်။
 

 
အဆိုပါ သေဆုံး၊ သတ်ဖြတ်ခံရမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာပြီး ၂၀၁၅ ခုနှစ်တွင် တောင်ဆင်ရိုင်း ၁၉ ကောင်အထိ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
 
တောင်ဆင်ရိုင်းများသည် ကချင်ပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ ရှမ်းရိုးမ မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်၊ ကယားနှင့် ကရင်ပြည်နယ်၊ ပဲခူးရိုးမ၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်တို့တွင် နေထိုင်ကျက်စားပြီး ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းအများဆုံး ကျက်စားနေထိုင်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၃၀၀၀ ကျော်ခန့်ရှိပြီး ကမ္ဘာပေါ်တွင် အာရှင်ဆင် ငါးသောင်းခန့်သာ ကျန်ရှိတော့ပြီး အာရှတိုက်တွင် အိန္ဒိယနိုင်ငံသည် အာရှဆင်အများဆုံးရှိကာ မြန်မာနိုင်ငံသည် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent