၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ကိုင်လိုသည့် နိုင်ငံခြားဘဏ်များ ထပ်မံခေါ်ယူမည်ဖြစ်ပြီး ပထမအကြိမ် ရွေးချယ်မှုတွင် ပါဝင်ခဲ့သည့် နိုင်ငံများမှ ဘဏ်များ ဒုတိယအကြိမ် ပါဝင်ခွင့်ရမည် မဟုတ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ကိုင်လိုသည့် နိုင်ငံခြားဘဏ်များ ထပ်မံခေါ်ယူမည်ဖြစ်ပြီး ပထမအကြိမ် ရွေးချယ်မှုတွင် ပါဝင်ခဲ့သည့် နိုင်ငံများမှ ဘဏ်များ ဒုတိယအကြိမ် ပါဝင်ခွင့်ရမည် မဟုတ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်
Published 16 December 2015
ဇော်ဝေ

၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြည်တွင်းတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်လိုသည့် နိုင်ငံခြားဘဏ်များကို ထပ်မံခေါ်ယူသွားမည်ဖြစ်ပြီး ပထမအကြိမ် ရွေးချယ်မှုတွင် ပါဝင်ခဲ့သည့် နိုင်ငံများမှ ဘဏ်များ ဒုတိယအကြိမ်တွင် ပါဝင်ခွင့် ရရှိတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်မှုအရ သိရသည်။ဒုတိယအကြိမ် ပြည်တွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် နိုင်ငံခြားဘဏ်များကို ရွေးချယ်ရာတွင်လည်း ပထမအကြိမ်က လုပ်ထုံးလုပ်နည်းများကဲ့သို့ပင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီနိုင်သည့် ဘဏ်များကို စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest) တင်သွင်းနိုင်ရန်အတွက် လျှောက်လွှာများ ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။‘မြန်မာနိုင်ငံ အနေဖြင့်၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားဘဏ်များ ပြည်တွင်းဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး စတင် ဆောင်ရွက်ခဲ့ပါသည်။ တင်းပြည့်ကျပ်ပြည့် လုပ်ထုံးလုပ်ငန်းများဖြင့် စိစစ်ပြီးနောက် နာမည်ဂုဏ်သတင်း ကောင်းမွန်ပြီး လိုက်လျော့ညီထွေရှိသည့် နိုင်ငံခြားငွေကြေးလုပ်ငန်း အဖွဲ့အစည်း ကိုးခု အနေဖြင့် ပြည်တွင်းမှာ ရုံးခွဲဖွင့်လှစ်ခွင့် ရရှိကာ လက်ကားငွေချေးမှု လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နာမည်ဂုဏ်သတင်း ကောင်းမွန်သော အဆိုပါဘဏ်များ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာမှုအတွက် ကြိုဆိုပါသည်။ ၎င်းတို့ အနေဖြင့်လည်း မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု၊ ၎င်းတို့နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် ချိတ်ဆက်ပြီး အဆက်အသွယ်ကောင်းများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့မှု အတွက်လည်း ကျေးဇူးတင်ရှိပါသည်။ ယခုကဲ့သို့ ဆောင်ရွက်မှုမှ အောင်မြင်မှုများ ရရှိခဲ့သည့် အတွက်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးအရ အရေးပါသော နိုင်ငံများမှ ဘဏ်များကို ဒုတိယအကြိမ် ဖိတ်ခေါ်သွားပါမည်။ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များနှင့် လိုင်စင်ရရှိမှုအတွက် ဆောင်ရွက်နေသည့် ဘဏ်များသည် မြန်မာနိုင်ငံ စီးပွားရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ဖိတ်ခေါ်မည့် ဒုတိယအကြိမ် ပြည်တွင်းတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်မည် ဖြစ်ပါသည်။ ပထမအကြိမ် ပြည်တွင်းတွင် ဘဏ်လုပ်ငန်းလုပ်ကိုင် ခွင့်ပေးအပ်ရာတွင် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် နိုင်ငံများတွင် ရုံးချုပ်တည်ရှိသော ဘဏ်များ (သြစတြေးလျ၊ ဂျပန်၊ မလေးရှား၊ တရုတ်၊ စင်ကာပူနှင့် ထိုင်း)သည် ယခုအကြိမ်တွင် ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ပါ’ ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ယခုတစ်ကြိမ် ဘဏ်လုပ်ငန်းလိုင်စင်ကို ပြည်တွင်းတွင် လက်ကားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်အတွက်သာ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Most Read

Most Recent