၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၃ သန်းနီးပါး ရရှိခဲ့၊ သစ်တောပြုန်းတီးမှု မြင့်တက်နေသော်လည်း ထွက်ကုန်ပစ္စည်း တရားဝင် တင်ပို့မှုမှ ရငွေ ကျဆင်းနေ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၃ သန်းနီးပါး ရရှိခဲ့၊ သစ်တောပြုန်းတီးမှု မြင့်တက်နေသော်လည်း ထွက်ကုန်ပစ္စည်း တရားဝင် တင်ပို့မှုမှ ရငွေ ကျဆင်းနေ
Published 16 December 2015
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃ သန်းနီးပါး ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ရရှိငွေမှာ ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်လုံးစာအတွင်း သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ရရှိငွေနီးပါး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး သစ်တောထွက်ပစ္စည်း တင်ပို့မှုကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ပြည်ပသို့ ယခင် သစ်အလုံးလိုက် တင်ပို့ခဲ့စဉ် ကာလများက နှစ်အလိုက် ရရှိငွေများကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ တင်ပို့ခဲ့မှုမှ အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၂၈၁ သန်း၊ နယ်စပ်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၀၈ သန်းဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၄၁ ဒသမ ၉၈၉ သန်း ရရှိခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မူ ပုံမှန်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၅၈၆ ဒသမ ၅၆၂ သန်း၊ နယ်စပ်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ကိုးသန်းကျော်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၅ ဒသမ ၆၄၆ သန်း ရရှိခဲ့သည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၉၁၆ ဒသမ ၆၀၇ သန်း၊ နယ်စပ်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၄၈ သန်းကျော် ရရှိခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပုံမှန်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်၊ နယ်စပ်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ လေးသန်းကျော်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၄ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပုံမှန်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်၊ နယ်စပ်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၃ သန်းနီးပါး (၉၂ ဒသမ ၇၁၇) ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု မြင့်တက်နေသော်လည်း သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမှန်တကယ် ရရှိငွေမှာ ကျဆင်းနေကြောင်း သိရသည်။၂၀၁၄ ခုနှစ်တွင် မြန်မာအစိုးရသည် သစ်အလုံးလိုက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သော်လည်း တရုတ်နိုင်ငံသို့ သစ်အလုံးလိုက် တင်ပို့မှုမှာ ပိုမိုလာနေသည်ကို တွေ့ရပြီး တရုတ်သို့ သစ်တင်ပို့မှု စံချိန်တင်ခဲ့သည့် ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် အဆိုးဆုံးဖြစ်လာပြီး ကုဗမီတာ ၉၀၀၀၀ ဝန်းကျင် ရှိခဲ့ကြောင်း၊ ဥပဒေကို သိသိသာသာ မျက်နှာလွှဲကာ နယ်စပ်ဖြတ်ကျော်ကာ သစ်လုံးများကို ပြောင်ပြောင်တင်းတင်း တင်ပို့နေကြောင်း၊ ယူနန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။နယ်စပ်ဖြတ်ကျော် သစ်ခိုးကုန်သွယ်မှုသည် ၁၉၉၀ ပြည့်နှစ်များမှစပြီး ၂၀၁၅ ခုနှစ်အထိ လျင်မြန်စွာ ပြန့်ပွားလာခဲ့ကြောင်း၊ ယင်းနောက် တရုတ်ဘက်မှ ထိန်းချုပ်မှုအချို့ ပြုလုပ်ခဲ့ခြင်းကြောင့် ယာယီအားဖြင့် လျော့ကျသွားသော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုမှာ စံချိန်တင်နီးပါးသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။လက်ရှိအချိန်တွင် သစ်တင်ပို့မှုဖြင့် ဝင်ငွေများစွာ ကျဆင်းနေသည့်အတွက် မှောင်ခိုလမ်းကြောင်းမှ သစ်အလုံးလိုက် တင်ပို့နေခြင်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

Most Read

Most Recent