ရန်ကုန်မြို့ပတ်ရထား အရှိန်နှုန်းအား နှစ်ဆမြှင့်တင်မည့် စီမံကိန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
မြို့ပတ်ရထားစီးနင်းသူ များပြားလာစေရန် ရည်ရွယ်လုပ်ကိုင်မည့် ယင်းစီမံကိန်းတွင် ဂျပန်နိုင်ငံကိုယ်စားပြု JICA အဖွဲ့မှ ပူးပေါင်းဆောင်ရွက်နေပြီး အရှိန်နှုန်းမိုင် ၄၀ အထိ မောင်းနှင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ သွားလာရေး မန်နေဂျာဦးကျော်စိုးလွင်က“ JICA အဖွဲ့က နည်းပညာပိုင်း ပါမယ်။ ဂျပန်က ချေးငွေနဲ့ပဲ ဒီစီမံကိန်းကို လုပ်နေတာပါ”ဟု ပြောကြားသည်။
ယင်းစီမံကိန်း၏ လတ်တလောလုပ်ဆောင်နေမှုအရ ရထားသံလမ်းများ၏ ကြံ့ခိုင်မှုကို မြှင့်တင်ခြင်း၊ ဇလီဖားတုံးများ အစားထိုးခြင်းတို့ စသည့်လုပ်ဆောင်နေမှုများကို ရန်ကုန်ဘူတာကြီးတွင် စတင်လုပ်ဆောင်နေကြောင်း သိရသည်။ မြန်နှုန်းမြင့်ရထား ပြေးဆွဲပါက ဘူတာဂိတ်များကို ချုံ့သွားမည်ဖြစ်ကာ ဂျပန်နိုင်ငံမှ ရထားတွဲဆိုင်းအသစ်များကို ဝယ်ယူပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် အုတ်တံတိုင်းနှင့် ခြံစည်းရိုးများ ခတ်ခြင်း၊ ကျူးကျော်နေထိုင်သူများ ဖယ်ရှား့ခြင်း၊ဘူတာဂိတ်များကို အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။
နေ့စဉ် ရန်ကုန်မြို့ရှိ လူဦးရေသိန်း ဂဏန်းဝန်းကျင် မှီခိုနေရသော ရထားပို့ဆောင်ရေးကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံမှ နည်းပညာပိုင်းအပါအဝင် ချေးငွေကိုပါ အကူအညီပေးနေကြောင်း သိရသည်။
ဂျပန်နိုင်ငံအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း မြှင့်တင်ရန်အတွက် အတိုးနှုန်း အသက်သာဆုံးဖြင့် ယန်း ၂၅ ဘီလျံကို ယခုနှစ်အတွင်း ထုတ်ချေးပေးပြီးနောက် ဂျပန်နိုင်ငံမှ ရထားတွဲဆိုင်းအသစ်များ အလုံးအရင်းဖြင့် ဝယ်ယူရန် လက်ရှိတွင် စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးစနစ်၏ အနာဂတ်စီမံကိန်းများအရ ဖြတ်လမ်းကျယ်သွားမည်ဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့ပတ်လမ်းဒီဇိုင်းကို အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက်ကာ ပြုပြင်မည်ဖြစ်သည့်အပြင် JICA မှ အကြံပြုထားသည့် မြို့ပတ်ရထားလမ်းစနစ်နှင့် ဟိုင်းဝေးရထားလမ်းစနစ် ရောထွေးမောင်းနှင်မှုရှိနေသည်ကို အမြန်ဆုံး ပြုပြင်မှုပြုလုပ်မည်ဟု သိရသည်။















