လွှတ်တော်က မဖြတ်တောက်ခဲ့သည့် ကျပ်ဘီလျံ ၂၅၀၀ ကျော်ကိစ္စ သက်ရောက်နေပြီလား၊ ဒီဇင်ဘာ တတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာ

လွှတ်တော်က မဖြတ်တောက်ခဲ့သည့် ကျပ်ဘီလျံ ၂၅၀၀ ကျော်ကိစ္စ သက်ရောက်နေပြီလား၊ ဒီဇင်ဘာ တတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာ
Published 15 December 2015
အောင်မြတ်ကို

 ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဒီဇင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ ၁၃၀၃ ကျပ် ဝန်းကျင်အထိ တစ်ပတ်ကျော်အတွင်း ၁၃ ကျပ် ဝန်းကျင် မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ဒုတိယပတ် ခုနစ်ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၀ ဝန်းကျင်၊ ဒီဇင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၈ကျပ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၀၀ ဝန်းကျင်ရှိခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့် သတ်မှတ်ခဲ့ပြီးနောက် ငါးလအကြာတွင် တစ်ဒါ်လာလျှင် ၁၂၉၉ ကျပ်အထိ ၉၉ ကျပ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၅  ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင်၁၂၉၉  ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၀၃ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၃၀၀ ဝန်းကျင်တွင် ရှိနေသည်။
ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၂၀ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင်ရောင်းဈေး ၁၄၃၀ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၄၂၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
 ဒီဇင်ဘာလဆန်းပိုင်းတွင် ဒေါ်လာငွေလဲနှုန်း ၁၃၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာ သတ်မှတ်နှုန်းသည် ဒီဇင်ဘာ ပထမ ပတ် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀၊  ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်၊ ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ်၊ ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၉၅ကျပ် သတ်မှတ်ထားပြီး ဒီဇင်ဘာ ဒုတိယပတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်၊ ဒီဇင်ဘာ ၁၀ မှ ၁၅ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ် သတ်မှတ်ထားထားကြောင်း သိရသည်။ နောက်ပိုင်းတွင် ပြင်ပဒေါ်လာငွေလဲနှုန်း ဆက်တိုက် မြင့်တက်လာခဲ့ပြီး တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများ၌ ဒီဇင်ဘာ၁၄ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၄ ကျပ်ဝန်းကျင် ရှိခဲ့သည်။
ယခုကဲ့သို့ ဒေါ်လာဈေး မြင့်တက်လာမှုမှာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ထပ်တိုးဘတ်ဂျက် တောင်းခံမှုကို လွှတ်တော်မှ အတည်ပြုပြီး တစ်ပတ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။ အစိုးရက ထပ်မံတောင်းခံသည့်  ငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို အဖြတ်အတောက် မရှိဘဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ခွဲဝေသတ်မှတ် သုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်တွင် အစိုးရက ထပ်မံ တောင်းခံသည့် ငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို ဖြတ်တောက်ခြင်းမရှိဘဲ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ခွဲေ၀ သတ်မှတ် သုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြည့်စွက်တောင်းခံမှုမှာ ကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း ခြားနားချက်ကြောင့် တောင်းခံရခြင်း ဖြစ်ကြောင်းလည်း ဖြည့်စွက်ဘတ်ဂျက် တောင်းခံလာသည့် ဝန်ကြီးဌာနမှ ရှင်းလင်းမှုများရှိခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ နောက်ထပ် ဘဏ္ဍာငွေသုံးစွဲရန် တောင်းခံသောငွေမှာ သာမန်သုံးငွေကျပ် ၁၀၀၁ ဒသမ ၄ ဘီလျံ၊ ငွေလုံးငွေရင်းကျပ် ၇၈၄ ဘီလျံ၊ ကြွေးမြီ အသုံးစရိတ် ကျပ် ၉၀ ဒသမ ၈ ဘီလျံ၊ လုပ်ငန်းသုံး ရင်းနှီးငွေကျပ် ၅၈၇ ဒသမ ၉ ဘီလျံ၊ တိုင်းဒေသကြီး ပြည်နယ်များ အတွက် ကျပ် ၇၁ ဒသမ ၀ ဘီလျံ တို့ဖြစ်သည်။
အဆိုပါ တောင်းခံငွေနှင့် ပတ်သက်၍ နိုင်ငံ၏ ငွေကြေးနှင့် စီးပွားရေး တည်ငြိမ်မှု နည်းပါးနေချိန် ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်အနေဖြင့် လွယ်ကူစွာ ခွင့်မပြုသင့်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းပြီးနောက် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေ ခွဲဝေသတ်မှတ် သုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော် ကော်မတီများအလိုက် စနစ်တကျ စိစစ်ခွင့် မရခြင်းနှင့် ကိုယ်စားလှယ်များအနေဖြင့် လေ့လာရန် အချိန်နည်းပါးခဲ့ကြောင်း၊ ထပ်မံတောင်းခံသည့် ငွေများတွင်လည်း ပြုလုပ်ပြီးစီမံကိန်းများနှင့် ရယူပြီး ချေးငွေများအတွက် တောင်းခံခြင်းများ ရှိသည့်အတွက် ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။
ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ လက်ခံ ကိုင်ဆောင်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ကြေညာချက် ထွက်ပေါ်ပြီးနောက် အောက်တိုဘာ ၁၉ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၇၉ ကျပ်ဝန်းကျင်မှ နိုဝင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်သို့ ပြန်လည် မြင့်တက် လာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာလဲနှုန်းမှာ ၁၃၀၃ ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ စုစုပေါင်း သုံးငွေအဖြစ် ပြည်ထောင်စု လွှတ်တော်က သာမန်အသုံးစရိတ် ကျပ် ၁၅၇၇၄ ဒသမ ၇ ဘီလျံ၊ ငွေလုံးငွေရင်း သုံးငွေကျပ် ၆၅၄၈ ဒသမ ၃ ဘီလျံနှင့် ကြွေးမြီအတွက် ကျပ် ၆၉၃ ဒသမ  ၄ ဘီလျံ စုစုပေါင်း ၂၃၀၁၆ ဒသမ ၅ ဘီလျံ ခွင့်ပြုထားပြီးဖြစ်သည်။
“ရှင်းရှင်းပြောရရင် နောက်ဆုံးကာလပဲ။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဒီအပေါ်မှာ သိပ်အာရုံမကျတော့ဘူး။ အာရုံမကျတဲ့အပေါ် ဒါအခွင့်အရေးတစ်ရပ် ဖြစ်နေတယ်။ ဘတ်ဂျက်ဆိုတာ သေသေချာချာ စနစ်တကျ လုပ်ရတာမျိုး ဖြစ်တယ်။ အခုလွှတ်တော်ကြီးက စနစ်ကျလား။ အာဏာလွှဲပြောင်းရေးကိုပဲ တာစူနေတယ်”ဟု အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီဇင်ဘာ ၉ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည့် အစိုးရ၏ ထပ်မံတောင်းခံငွေ ဘတ်ဂျက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။        

Most Read

Most Recent