မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်သို့ ရောက်ရှိလာသော်လည်း ယခင်နှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်းနေ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်သို့ ရောက်ရှိလာသော်လည်း ယခင်နှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်းနေ
Published 15 December 2015

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ် လာ ၁၈ ဘီလျံကျော်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာ သန်း ၉၀၀ ကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၈၃၃၀ ဒသမ ၄၉၄ သန်းရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၉၂၄၁ ဒသမ ၉၂၃ သန်း ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၉၁၁ ဒသမ ၄၂၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 
ပြည်ပကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆောင်ရွက်သကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့၊ သွင်းကုန်တင်သွင်းမှု နှစ်ခုစလုံး ယခင်ဘဏ္ဍာနှစ်ထက် လျော့ကျနေသော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်၊ သွင်းကုန် ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် များပြားနေကြောင်း သိရသည်။
ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်နေကြောင်း သိရသည်။
နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်နှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်းလာစေရန် အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်များကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။
ပို့ကုန်တင်ပို့မှု မြှင့်တင်ရန်အတွက် မြန်မာ့ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (MYANTRADE) ကို ထူထောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်သိသိသာသာ တိုးတက်လာရေးအတွက် အထူးဇောင်းပေး ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ဒေသတွင်း နိုင်ငံများ၏ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာများကိုလည်း လေ့လာဆောင်ရွက် နေကြောင်း သိရသည်။ မင်းသီဟဇော်

Most Read

Most Recent