ပြင်ပပေါက်ဈေး ရှယ်ယာတစ်စုလျှင် ကျပ်ငါးသောင်း ရှိနေသည့် သီလဝါ ရှယ်ယာ MTSH ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ရှယ်ယာ တစ်စုလျှင် အမြတ်ငွေ ကျပ် ၂၀၀၀ ရရှိ

ပြင်ပပေါက်ဈေး ရှယ်ယာတစ်စုလျှင် ကျပ်ငါးသောင်း ရှိနေသည့် သီလဝါ ရှယ်ယာ MTSH ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ရှယ်ယာ တစ်စုလျှင် အမြတ်ငွေ ကျပ် ၂၀၀၀ ရရှိ
Published 14 December 2015
သက်ထား

သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ Myanmar Thilawa Sez Holdings Public Limited (MTSH) က ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချခဲ့သည့် သီလဝါ ရှယ်ယာတန်ဖိုးသည် လက်ရှိတွင် ပြင်ပပေါက်ဈေး ကျပ်ငါးသောင်း ရှိနေကာ MTSH ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ရှယ်ယာတစ်စုလျှင် အမြတ်ငွေ ကျပ်နှစ်ထောင် ရရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ စာရင်းရှင်းတမ်းအရ သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ Myanmar Thilawa Sez Holdings Public Limited (MTSH) ၏ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် မူရင်း အစုရှယ်ယာ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း (ငွေပမာဏအားဖြင့် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၀၀၀) အား ခွဲဝေပေးရန် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၅) တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ထို့ကြောင့် အစုရှယ်ယာရှင်များ အနေဖြင့် မိမိ ထုတ်ယူခွင့် ရရှိမည့် အမြတ်ဝေစု တန်ဖိုးကို ထုတ်ယူရမည့် ဘဏ်အမည်နှင့် လိပ်စာတို့ကို ၂၈-၁၂-၂၀၁၅ မှစ၍ MTSH ၏ Website တွင် လည်းကောင်း၊ ရုံးချုပ် (UMFCCI) တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ထုတ်ယူခွင့်ရှိသည့် သက်ဆိုင်ရာ ဘဏ်များတွင် ၂၈-၁၂-၂၀၁၅ မှ ၃၁-၃-၂၀၁၆ ရက်အထိ အမြတ်ဝေစုများကို ထုတ်ယူနိုင်ပြီး အစုရှယ်ယာရှင် သက်သေခံလက်မှတ် မူရင်းနှင့် မှတ်ပုံတင်မူရင်းတို့ လိုအပ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ရှယ်ယာတစ်စုလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လအတွင်းက စတင်ရောင်းချခဲ့သည်။Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် နိုင်ငံသား အများပိုင်ကုမ္ပဏီ ကိုးခုမှ ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံသား အများပိုင် ကုမ္ပဏီကိုးခုမှ ရှယ်ယာ ၄၅ ရာခိုင်နှုန်း၊ ၅၅ ရာခိုင်နှုန်းကို အများပြည်သူများအား ရောင်းချခဲ့ပြီး အစုရှယ်ယာဝင်ပေါင်း ၁၇၉၉၀ အား အစုရှယ်ယာတန်ဖိုး ၂၁ ဒသမ ၄၅ ဘီလျံကို ရောင်းချပေးခဲ့ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်သည် ဂျပန်-မြန်မာ ဖက်စပ် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ကာ မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီးတည်ဆောက်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီ ၅၁ ခုမှ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။   

Most Read

Most Recent