Total က ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ထုတ်လုပ်မှုကို ထိန်းထားနိုင်ရန် LCB ပတ္တမြား Project အား အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် မြှုပ်နှံဆောင်ရွက်နေ

Total က ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ထုတ်လုပ်မှုကို ထိန်းထားနိုင်ရန် LCB ပတ္တမြား Project အား အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် မြှုပ်နှံဆောင်ရွက်နေ
Published 14 December 2015
ဖြိုးဝေ

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း သက်တမ်းကုန်ဆုံးချိန်တွင် ဖြည့်စွက်၍ ဓာတ်ငွေ့ ပို့လွှတ်နိုင်ရန် ရတနာ လုပ်ကွက်၏ ဘေးတွင် LCB ပတ္တမြား Project ဟု အမည်ပေးထားသည့် လုပ်ကွက်ကို ရှာဖွေမှု ပြုလုပ်နေကြောင်းနှင့် လက်ရှိတွင် ပြင်သစ်နိုင်ငံ အခြေစိုက် Total အနေနှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေမည့် စီမံကိန်းသစ် သုံးခု ဆောင်ရွက်နေကာ အဆိုပါ စီမံကိန်းများမှ ထွက်ရှိလာမည့် ဓာတ်ငွေ့များကိုလည်း အဖြစ်နိုင်ဆုံးမှာ ထိုင်းနိုင်ငံသို့ပင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကို လုပ်ဆောင်နေသည့် Total E&P Myanmar Co,Ltd ၏ General Manager Mr. Xavier Preel က ပြောကြားသည်။Total အနေနှင့် မြန်မာနိုင်ငံတွင် လတ်တလော လုပ်ဆောင်သွားမည့် စီမံကိန်း သုံးခုအထိ ရှိနေပြီး အဆိုပါ စီမံကိန်းများမှာ LCB ပတ္တမြား Project ဟု အမည်ပေးထားသည့် လုပ်ကွက်၊ YWB ဟု အမည်ပေးထားသည့် ရေနက်လုပ်ကွက်နှင့် ငွေဆောင်အနီးရှိ A6 ဟု အမည်ပေးထားသည့် ရေနက်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ ရှာဖွေမှု ပြုလုပ်နေကြောင်း သိရသည်။“အခု လောလောဆယ်မှာ LCB ပတ္တမြား Project လို့ အမည်ပေးထားတဲ့ လုပ်ကွက်တစ်ခုကို လုပ်နေတယ်။ သူကတော့ အခု ရတနာ လုပ်ကွက်ရဲ့ ဘေးနားမှာပါ။ အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက်မြှုပ်နှံထားတယ်။ အဲဒီ စီမံကိန်းက ထွက်လာတဲ့ ဓာတ်ငွေ့က ရတနာ သဘာဝဓာတ်ငွေ့ရဲ့ ထုတ်လုပ်မှုကို ၂၀၂၀ နောက်ပိုင်းမှာ ထိန်းထားနိုင်ဖို့ လုပ်နေတာပါ။ နောက်တစ်ခုက ကျွန်တော်တို့ YWB လို့ခေါ်တဲ့ ရေနက်လုပ်ကွက်ကို Seismic လုပ်ငန်းစဖို့ ရှိတယ်။ သူ့ကို ၂၀၁၆ ခုနှစ်မှာ စပါမယ်။ နောက်တစ်ခုက ငွေဆောင်နားမှာ A6 လို့ခေါ်တဲ့ ရေနက်လုပ်ကွက်ကနေပြီး ရှာဖွေရေးတွေ လုပ်နေပါတယ်။ မျှော်လင့်ချက်ကတော့ ထားရတာပေါ့။ ဒီဟာ အောင်မြင်လို့ရှိရင် မြန်မာနိုင်ငံ အတွက်ပါ တန်ဖိုးရှိတဲ့ အောင်မြင်မှု ဖြစ်လာမှာပါ” ဟု Xavier က ဆိုသည်။အဆိုပါ စီမံကိန်းများမှ ထွက်ရှိလာသည့် သဘာ၀ ဓာတ်ငွေ့များကို ပြန်လည်ရောင်းချရာတွင်လည်း အဖြစ်နိုင်ဆုံးမှာ ထိုင်းနိုင်ငံသို့သာ ပြန်လည်ရောင်းချမည် ဖြစ်ကြောင်းနှင့် အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် နှစ် ၃၀ သက်တမ်းပြည့်ပြီး နောက်ပိုင်းတွင်လည်း ဆက်လက်တည်ရှိနေမည်ဟု Xavier က ဆက်လက်ပြောကြားသည်။တစ်နှစ်လျင် သဘာဝဓာတ်ငွေ့ ၈၀၀ ဘီလျံ ကျူဗစ်မီတာ ထုတ်လုပ်နေသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ တစ်ရက်လျင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၈၀၀ တင်ပို့နေပြီး မြန်မာနိုင်ငံတွင်း သုံးစွဲရန် တစ်ရက်လျင် ကုဗပေ သန်းပေါင်း ၂၀၀ ခွဲဝေပေးနေကာ အဆိုပါ ခွဲဝေမှုစာချုပ် သက်တမ်းမှာ  ၂၀၂၀ ပြည့်နှစ်အထိ ကျန်ရှိနေကြောင်း Xavier က ပြောကြားသည်။ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကို PTTEP၊ UNOCOL၊ Total၊ MOGE လေးခုမှ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေသည့် စီမံကိန်းဖြစ်ကာ အနှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့ပြီးဖြစ်သည့် စီမံကိန်း ဖြစ်သည်။

Most Read

Most Recent