ရန်ကုန်စတော့အိတ်ချိန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အများပိုင် ကုမ္ပဏီ ခြောက်ခုကို ရွေးချယ်လိုက်ကာ လာမည့် မတ်လတွင် ရှယ်ယာများ ရောင်းချသွားမည်ဟု သတင်း ထုတ်ပြန်ခဲ့မှု အပေါ် လက်ရှိကာလတွင် အများသူငါ ရင်းနှီး မြှုပ်နှံနေကြသည့် အိမ်ခြံမြေ၊ ဒေါ်လာနှင့် ရွှေဈေးကွက်တို့မှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်တရက် ရွေ့လာနိုင်စရာ အကြောင်း မရှိသေးကြောင်း စီးပွားရေး ပညာရှင်များ၏ သုံးသပ်ချက်အရ သိရသည်။
“စတော့အိတ်ချိန်းက အခုမှ စမှာလေ။ စဖွင့်ဖွင့်ချင်း အရောင်းအဝယ်တွေ ဘာတွေက ဒီလောက်အထိ ဖြစ်လာနိုင်စရာတော့ မရှိသေးဘူး။ တကယ် လက်တွေ့မှာတော့ ဒါကြီးက အများကြီး လုပ်ရဦးမှာ။ နောက်သုံးလမှာ ရှယ်ယာ ထုတ်ရောင်းမယ် ဆိုပေမယ့် ရှယ်ယာ ထုတ်ရောင်းတယ်ဆိုတာ စတော့အိတ်ချိန်းနဲ့ ဘာမှ မဆိုင်သေးပါဘူး။ Stock Exchange ရဲ့သဘော သဘာဝကကျတော့ ရောင်းပြီးသား ရှယ်ယာကို Trade လုပ်တာ။ ရှယ်ယာ ထုတ်ရောင်းတယ်ဆိုတာ ကုမ္ပဏီက ထုတ်ရောင်းတာပါ။ ကျွန်တော့် အမြင်ကတော့Stock Exchange ကြောင့်တော့ နောက်ခြောက်လလောက် အတွင်း အိမ်ခြံမြေ ဈေးကွက်ကို ထိခိုက်စရာ မရှိသေးသလို အခြားဒေါ်လာဈေးလို ရွှေဈေးတို့လည်း ထိခိုက်စရာ မရှိသေးဘူးလို့ မြင်ပါတယ်” ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစိုးသိန်းက ပြောကြားသည်။
စတော့အိတ်ချိန်းတွင် ရှယ်ယာများကို စတင်ရောင်းချမည့် အများပိုင် ကုမ္ပဏီများကို ရွေးချယ်ရာတွင် FMI၊ သီလဝါ အများပိုင် ကုမ္ပဏီ၊ Great HOR KHAN Public Co., Ltd၊ MAPCO စသည့် ကုမ္ပဏီ လေးခုနှင့်အတူ First Privat Bank နှင့် Myanmar Citizen Bank တို့ကို ရွေးချယ်ထားကြောင်း သိရသည်။
“ဒီကုမ္ပဏီ ခြောက်ခုထဲမှာ လူအများ စိတ်ဝင်စားတဲ့ ကုမ္ပဏီ ဘယ်နှစ်ခုရှိမလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုမယ်။ ဥပမာ သီလဝါဆိုရင် လူစိတ်ဝင်စားမှု မြင့်တယ်။ နောက်တစ်ခုက FMI တို့၊ First Private Bank တို့လည်း ရှိတယ်။ ဒီအထဲမှာတော့ First Private Bank ကတော့ ထူးခြားတာပေါ့။ ဘာကြောင့် ထူးခြားလဲ ဆိုတော့ ပထမ အချက်က ဘဏ်လုပ်ငန်းကိုပဲ သီးသန့်လုပ်တယ်။ အခြားလုပ်ငန်း မလုပ်ဘူး။ သူက သီလဝါမှာလည်း အစုရှယ်ယာရှင် တစ်ယောက်အနေနဲ့ ပါနေတယ်လို့ ထင်တယ်။ နောက်တစ်ခုက ဘဏ်လုပ်ငန်း ကျွမ်းကျင်သူက ဦးဆောင်တယ်။ နံပါတ်သုံးက အခွန်မှန်မှန်ဆောင်သော လုပ်ငန်းဖြစ်တယ်။ ဒါက စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါပေမဲ့ အိမ်ခြံမြေက ရင်းနှီးမြှုပ်နှံမှုတွေ အရွေ့အပြောင်း ဖြစ်မယ်ဆိုတော့ လောလောလတ်လတ် အခြေအနေမှာတော့ သိပ်မဖြစ်နိုင်သေးဘူး။ မတ်လလောက်မှာမှ စပြီးရောင်းမယ် ဆိုတော့ မတ်လဆိုတာ လာမယ့် အစိုးရပေါ့နော်။ အပြောင်းအလဲ ဖြစ်နိုင်သလားဆိုတော့ စောဦးမယ် ထင်တယ်” ဟု ဒေါက်တာ အောင်ကိုကို ( စီးပွားရေးပေါ်လစီ)က ပြောကြားသည်။
အမှန်တွင် Property market၊ Commodity market၊ Stock share market၊ Bond Market၊ Money Market စသည့် ဈေးကွက်များမှာ တစ်ခုမှတစ်ခုသို့ လှည့်ပတ် ရင်းနှီးနေသည့် သဘာဝရှိပြီး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း မည်သည့်ဘက်တွင် ရင်းနှီးမြှုပ်နှံလျှင် ၎င်းတို့အတွက် အကျိုးအမြတ်ရမည်ကို ချိန်ဆနေသူများသာ ဖြစ်ကြောင်းနှင့် Stock Exchange ပေါ်လာပြီး ရင်းနှီးမြှုပ်နှံမှုများ ရန်ကုန် စတော့အိတ်ချိန်း၏ အောင်မြင်မှုကို လိုက်ပြီး ရွေ့သွားနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
လက်ရှိအချိန်တွင် ရှယ်ယာ ရောင်းချနိုင်မှုပင် မစသေးသည့်အတွက် အိမ်ခြံမြေ ဈေးကွက် အပေါ်တွင် ရိုက်ခတ်မှု အများကြီး မရှိနိုင်သေးကြောင်း၊ သို့သော် ရေရှည်တွင် ရင်းနှီးမြှုပ်နှံမှုများ ရွေ့သွားနိုင်ကြောင်း၊ အလားတူ အိမ်ခြံမြေတွင် ရင်းနှီး မြှုပ်နှံမှုများလည်း တုန့်နှေးသွားနိုင်ကြောင်း သုံးသပ်ပါသည်။
“ကျွန်တော် ပြောချင်တာက အိမ်ခြံမြေက နဂိုကတည်းက ကျနေပြီးသားလေ။ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမှုကို လူတွေက အခုထိ စောင့်ကြည့်နေကြတုန်းပဲ။ ဒါပေမဲ့ တစ်ခုရှိတာက တစ်ခုက ဖွံံ့ဖြိုးလာရင် နောက်တစ်ခုကတော့ တုန့်နှေးသွားနိုင်တာပေါ့။ အရင်တုန်းကတော့ Stock က မရှိတော့ ကားဘက် လှည့်တယ်။ ကားက အခြေအနေ မကောင်းတော့ အိမ်ခြံမြေဘက် လှည့်တယ်။ အိမ်ခြံမြေက အခုအချိန်မှာ ရပ်သလောက် ဖြစ်သွားပြီ” ဟု ဦးစိုးသိန်းက ဆက်လက်သုံးသပ် ပြောကြားသည်။
ပြီးခဲ့သည့် ကာလအတွင်း ဒေါ်လာ ဈေးတက်လာခြင်းမှာမူ အိမ်ခြံမြေမှ ငွေများ ဒေါ်လာဘက် ရောက်သွားသည်ဟု ပြောရန်မဖြစ်နိုင်ကြောင်း၊ ဒေါ်လာ ဈေးတက်ခြင်းမှာ သူ့အကြောင်းနှင့်သူ ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် စီးပွားရေး အခွင့်အလမ်း အတွက် ရင်းနှီး မြှုပ်နှံနိုင်သည့် ဈေးကွက်တို့ အများလက်ရှိ ကာလအထိ မြန်မာနိုင်ငံတွင် ထိုကဲ့ ဈေးကွက်များ ပြည့်ပြည့်စုံစုံ မရှိသေးသည့်အတွက် ရှိသည့် ဈေးကွက်တွင် ဝင်ကစားရသည့် အတွက် ဈေးအပြောင်းအလဲ ဖြစ်ခဲ့သည်လည်း ရှိကြောင်း၊ နောက်ပိုင်းကာလတွင် ရွေးချယ်စရာ ပိုပြီးများပြားလာသည့် အခြေအနေမျိုးတော့ ရှိလာကြောင်း စီးပွားရေး ပညာရှင်တို့က ဆိုသည်။
“Stock Exchange ပေါ်လာရင်တော့ တချို့ ရင်းနှီးမြှုပ်နှံမှုတွေ ရွေ့သွားနိုင်တယ်။ ဒါပေမဲ့ ရင်းတဲ့သူကတော့ အိမ်ခြံမြေမှာ ရင်းတာပို ကိုက်မလား၊ Stock Exchange မှာ ရင်းတာ ပိုကိုက်မလား၊ သူ့ဘာသာသူ တွက်မှာပေါ့။ ဒါကလည်း တကယ် ကောင်းကောင်း လည်ပတ်နိုင်တဲ့ Stock Exchange တစ်ခု ဖြစ်လာမှ အဲဒီလို စဉ်းစားမှာပါ။ ပေါ်ကာစမှာတော့ ရှယ်ယာတွေ များများစားစား ထုတ်ရောင်းနိုင်မှာ မဟုတ်သေးဘူး။ ဘယ်လောက်မှလည်း များများစားစား Trade လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်နှစ်လောက် အတွင်းမှာ Stock Exchange ကြောင့်တော့ အိမ်ခြံမြေ ဈေးတွေ အပြောင်းအလဲ သိပ်မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဒါပေမဲ့ သူကလည်း ဘယ်လိုဖြစ်လာမလဲ။ ဆိုပါတော့ အဲဒီအိမ်ခြံမြေ ပူဖောင်းက ပေါက်သွားမလား၊ ပိန်သွားမ လားဆိုတာမျိုး စဉ်းစားစရာ ရှိတယ်။ နောက်အစိုးရရဲ့ မူဝါဒ အပေါ်မှာလည်း မူတည်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ဒီဈေးကွက်က ထပ်ကျရင်လည်း ကျမယ်။ သို့မဟုတ် ပြန်လှုပ်ချင်လည်း လှုပ်လာမယ်။ Stock Exchange ကြောင့်တော့ ဒီလောက် မလှုပ်နိုင်ဘူး။ အဲဒီအခု ရွေးခံထားရတဲ့ ကုမ္ပဏီ ခြောက်ခုက သူ့ရှယ်ယာတွေ အကုန် ထုတ်ရောင်းရင်တောင် ဒီလောက် ပမာဏမများနိုင်ဘူး” ဟု ဦးစိုးသိန်း က ပြောကြားသည်။
ယင်းကဲ့သို့ အနေအထားများကြောင့် အိမ်ခြံမြေ ဈေးနှုန်းသည် နောင်တက်လာမည့် အစိုးရသစ်၏ မူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဝင်ရောက်လာခြင်း၊ မလာခြင်းပေါ်တွင်သာ များစွာ မူတည်နေမည် ဖြစ်ကြောင့်လည်း သုံးသပ်ကြသည်။
“အခု ရွေးချယ်ထားတာ ခြောက်ခုပေါ့။ ဒီမှာရင်းမှာ ဆိုရင်လည်း ကုမ္ပဏီတွေရဲ့ လမ်းညွန် စာတမ်းကို ကြည့်ပြီးတော့မှ ရင်းကြတာကိုး။ အမှန်အတိုင်းပြောရင် မြန်မာတွေ အနေနဲ့ အတွေ့အကြုံလည်း သိပ်မရှိသေးဘူး။ ဒီအကောင်က ဘယ်အကောင်က အမြတ်ကောင်းမလဲ။ ဆန်စပါး ကုမ္ပဏီကပဲ အမြတ်ကောင်း မလား။ FMI ကပဲ အမြတ်ကောင်း မလား။ များသောအားဖြင့်တော့ Stock share က divident ကို မျှော်တာ မဟုတ်ဘူး။ သူ့ရဲ့ Prospect ကို ကြည့်ပြီးတော့မှ သူ့ရဲ့ share value တက်တဲ့ အပေါ်မှာမှ လူတွေက ရင်းကြတာကို။ ဒါကြောင့် ဘယ်ဈေးကွက်ကိုမှ သက်ရောက်မှု မရှိနိုင်သေးဘူးလို့ မြင်ပါတယ်။ အိမ်ခြံမြေရော၊ ရွှေရော၊ ဒေါ်လာရော အဲဒီအပေါ်မှာ ဘယ်လိုမှ မထိခိုက်နိုင်သေးဘူး” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောကြားသည်။
အလားတူ ရွှေဈေးကွက်နှင့် ဒေါ်လာ ဈေးကွက် အပေါ်တွင်လည်း ရေတိုကာလအတွင်း သက်ရောက်မှု အများအပြား မရှိနိုင်သေးကြောင်း စီးပွားရေး ပညာရှင်များ၏ သုံးသပ်ချက်အရ သိရသည်။
“သေချာတာ တစ်ခုကတော့ နောင်တက်လာမယ့် အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းအောင်၊ ပုဂ္ဂလိက ကဏ္ဍ အားကောင်းအောင် လုပ်မှာတော့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ မိနီဖက်စတိုထဲမှာလည်း အဲဒီလိုပဲ ရေးထားတယ်။ clean and efficient government ဖော်ဆောင်မယ်လို့ ပြောထားတယ်။ နောက်တစ်ခုက အိမ်ခြံမြေနဲ့ ပတ်သက်ရင် ဈေးနှုန်း (Price) မြင့်တက်တာမျိုးထက်၊ တက်ချင်းတက်ပါက တန်ဖိုး (Value) ပိုပြီး မြင့်တက်သွားတာမျိုးသာ ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာ အောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောကြားသည်။
အလားတူ တိုင်းပြည်စီးပွားရေး ပေါ်လစီ ကောင်းမွန်သောကြောင့် ထုတ်လုပ်မှု ကဏ္ဍ တိုးတက်လာပါက မြန်မာနိုင်ငံ၏ နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ရှိသင့်ရှိထိုက်သည့် နှုန်းတစ်ခုသို့ ရောက်သွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ကာလကဲ့သို့ မျှော်လင့်ချက် ကြီးမားစွာ တစ်ဟုန်ထိုး တက်သွားမည့် အခြေအနေမျိုးဖြစ်ရန် အခွင့်အလမ်း နည်းသွားမည်ဖြစ်ကြောင်း ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်း ပေါ်လာခဲ့သည့်အတွက် အိမ်ခြံမြေ၊ ဒေါ်လာနှင့် ရွှေဈေးကွက်တို့မှ ရင်းနှီးမြှုပ်နှံမှုများ လတ်တလောတွင် ရွေ့လာနိုင်စရာ မရှိသေးကြောင်း စီးပွားရေး ပညာရှင်များ သုံးသပ်










