စတော့အိတ်ချိန်း စာရင်းဝင် သီလဝါ အများပိုင်နှင့် FMI ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာကြောင်း အဆိုပါ ကုမ္ပဏီ၏ ရှယ်ယာ သတင်းအချက်အလက်များအရ သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လအတွင်းက စတင်ရောင်းချခဲ့သည်။ ထိုရှယ်ယာများသည် သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲ ပြုလုပ်ပြီးနောက်ပိုင်းတွင် ရှယ်ယာသည် တစ်စုလျှင် ကျပ် ၄၀၀၀၀ ဝန်းကျင်ဖြင့် ဈေးကွက်အတွင်း ဈေးမြင့်တက်ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း အရောင်းကောင်တာ မပိတ်မီ အချိန်အတွင်း ရှယ်ယာ တစ်စောင်လျှင် ကျပ် ၅၀၀၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်းလည်း သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနမှ သိရသည်။ အလားတူ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ရှယ်ယာတစ်စောင်လျှင် ကျပ်တစ်သောင်းဝန်းကျင်ရှိသော FMI ၏ ရှယ်ယာများသည် ၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကျပ် ၁၇၀၀၀ ဝန်းကျင်နှင့် ဒီဇင်ဘာ ၁၁ ရက်တွင် ကျပ် ၁၉၀၀၀ ဖြစ်လာခဲ့သည်။“အခုလည်း စတော့အိတ်ချိန်း စာရင်းဝင်မယ့် ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ သတင်းကောင်းတွေ ကြားရပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်း (YSX) ကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ (MTSH)၊ မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (MAPCO)၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ FMI နှင့် ပထမပုဂ္ဂလိကဘဏ်၊ Great Hor Kam Public ကုမ္ပဏီတို့ စာရင်းဝင် ကုမ္ပဏီများ ပထမဆုံး အကြိမ်တွင် စာရင်းတင် ရောင်းချခွင့်ရသည့် ကုမ္ပဏီများအဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ အစောပိုင်းတွင် စတော့ရှယ်ယာဈေးကွက်၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။လတ်တလောတွင် သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ရောင်းချမည် ဖြစ်သဖြင့် ယခင်ရောင်းချခဲ့သော အပိုင်း (က) ရှယ်ယာရောင်းချမှုများကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။စတော့အိတ်ချိန်းတွင် စာရင်းဝင်ဘဏ် ဖြစ်လာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရှယ်ယာ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံသားများ ဘဏ်မှာလည်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် ရောင်းချထားပြီး ဘဏ်သက်တမ်းတစ်လျှောက် အမြတ်ဝေစု ၁၆ ရာခိုင်နှုန်း တစ်ကြိမ်၊ ၁၈ ရာခိုင်နှုန်း တစ်ကြိမ်၊ ရာခိုင်နှုန်း ၂၀ တစ်ကြိမ်၊ ၂၁ ရာခိုင်နှုန်း တစ်ကြိမ်၊ ၂၂ ရာခိုင်နှုန်း တစ်ကြိမ်၊၂၃ ရာခိုင်နှုန်း တစ်ကြိမ်၊၂၅ ရာခိုင်နှုန်းတစ်ကြိမ် ခွဲဝေပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။၂၀၁၂-၂၀၁၃ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် အများပိုင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့သော စတော့အိတ်ချိန်းစာရင်းဝင် မူဆယ်အခြေစိုက် Great Hor Kham ဆောက်လုပ်ရေး အများပိုင် ကုမ္ပဏီသည် ၂၀၀၃ ခုနှစ်တွင် ရင်းနှီးမတည်ငွေ၏ ရာခိုင်နှုန်း ၄၀ ဖြစ်သော အမြတ်ငွေ ကျပ် ၇၁၉ ဒသမ ၅၉ သန်း ရရှိခဲ့ပြီး ရှယ်ယာတစ်စုလျှင် အမြတ်၏ ၂၅ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၁၀၀၀၀ ကို ပထမဆုံးအကြိမ် ခွဲဝေပေးခဲ့ပြီး ကျန်အမြတ်ကို နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းသိရသည်။
စတော့အိတ်ချိန်း စာရင်းဝင် သီလဝါ အများပိုင်နှင့် FMI ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာ










