ဘတ်ငွေဈေး မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံထုတ် ကားများ တရားဝင် တင်သွင်းမှု လစဉ် အစီးတစ်ရာခန့်ရှိပြီး စက်ယန္တရားတင်သွင်းမှု ယခင်ထက် ပိုများ

ဘတ်ငွေဈေး မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံထုတ် ကားများ တရားဝင် တင်သွင်းမှု လစဉ် အစီးတစ်ရာခန့်ရှိပြီး စက်ယန္တရားတင်သွင်းမှု ယခင်ထက် ပိုများ
Published 13 December 2015

ငွေကြေးဈေးကွက်တွင် ဘတ်ငွေဈေး မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံထုတ်ကားများ တရားဝင် တင်သွင်းမှုမှာ လစဉ်အစီးတစ်ရာခန့်ရှိပြီး စက်ယန္တရား တင်သွင်းမှုမှာလည်း ယခင်ထက်ပိုမို မြင့်တက်လျက်ရှိသည်ဟု မြဝတီမြို့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများထံမှ သိရသည်။ပြည်တွင်း၌ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ၁၉၉၅ မော်ဒယ်လုပ်ငန်း သုံးစက်ယန္တရားများဖြစ်သည့် လမ်းကြိတ်စက်၊ ကရိန်း၊ ဘက်ဟိုးများကို ဇွန်လမှစ၍ တရားဝင် တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလတွင် စက်ယန္တရားအပြင် လယ်ယာသုံး ထွန်စက် ၊ စပါး ခြွေလှေ့စက်များပါ တင်သွင်းလျက်ရှိသည်ဟု သိရသည်။ “စက်ယန္တရားတွေကတော့ အရင်က ၂၀၀၅ မော်ဒယ်အထက်ကိုသာ တရားဝင်သွင်းခွင့်ရခဲ့တယ်။ အခု လုပ်ငန်းလိုအပ်ချက်အရ အရင်က တရားမဝင်တင်သွင်းခဲ့တဲ့ ၁၉၉၅ အထက် မော်ဒယ်တွေပါ တရားဝင် တင်သွင်းခွင့်ပြုတဲ့အတွက် တင်သွင်း သူတွေ အဆင်ပြေသလို နိုင်ငံတော်အတွက်လည်း ဝင်ငွေရတာပေါ့” ဟု သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။မြဝတီမြို့ ချစ်ကြည်ရေးတံတားအနီးမှ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက“အရင်က ဒေါ်လာဈေးတက်ရင် ကားအပါအဝင် ကုန်သွယ်မှု လျော့ကျခဲ့ပေမယ့် ဒီလတော့ပုံမှန်ပါပဲ။ တစ်လ အစီးတစ်ရာခန့် တင်သွင်းမှု ရှိပါတယ်။ စက်ယန္တရားကတော့ ပုံမှန်ထက် မြင့်တက်ပြီး လစဉ် ၅၀ ဝန်းကျင် တင်သွင်းမှုရှိပါတယ်။ ပြီးခဲ့တဲ့လက ငွေဈေးကျပ် ၁၀၀ ကို ၂  ဒသမ ၇၅ ဘတ်၊ (ဘတ် ၁၀၀ လျှင် ၃၆၀၀ ကျပ်) အထိ တက်ခဲ့တော့ ကားဈေးကတက်၊ အခွန်ကလည်းမြင့်တော့ ကားတင်သွင်းတာ နည်းပါးခဲ့ပါတယ်။ ဒီလမှာ ဘတ်ဈေးပိုတက် (ဘတ် ၁၀၀ လျှင် ကျပ် ၃၆၂၀) ပေမယ့် ဈေးမတက်ခင်ကတည်းက ဝယ်ထားတာရယ်၊ နယ်အဝယ်လိုက်တာရယ်ကြောင့်ပုံမှန်သွင်းလာကြတာပါ”ဟု သွင်းကုန်ထုတ်ကုန်အကျိုးဆောင် တစ်ဦးကဆိုသည်။နယ်စပ် ကားဈေးကွက်မှ တရားဝင် တင်သွင်းပြီး လူကြိုက်များသည့် ဗွီဂိုတစ်ခန်းခွဲကားများမှာ ဘတ်ငါးသိန်းအထက်တွင်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ကျပ် ၁၈၁ သိန်းဝန်းကျင်သို့ မြင့်တက်လျက်ရှိကြောင်း သိရသည်။ သို့သော်လည်း အသစ်ဝယ်ယူတင် သွင်းခြင်းများ မရှိသေးဘဲ ယခင်လများက ဝယ်ယူထားသည့်ကားများကိုသာ တင်သွင်းနိုင်သည်ဟု ကားကုန်သည်တစ်ဦးက ပြောကြားသည်။မြဝတီနယ်စပ်မှ ကာစတန်ဂျူ တီ သုံးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်း ခွန်ငါးရာခိုင်နှုန်းသာ ပေးဆောင်ရသည့် လုပ်ငန်းသုံးကားများကိုသာ တရားဝင် တင်သွင်းခွင့်ပြုထားပြီး ဇိမ်ခံကားအုပ်စုဖြစ်သော Double cab ကားများကို တရားဝင် တင်သွင်းခွင့် မပြုသေးသလို ဘယ်မောင်းကားသစ်များလည်း တင်သွင်းမှု မရှိသလောက် နည်းသေးကြောင်းသိရသည်။မြဝတီမြို့အနီး သောင်ရင်းမြစ် တစ်ဖက်ကမ်းရှိ ဂျပန်တစ်ပတ်ရစ် ကားဈေးကွက်တွင် ငွေဈေးအတက်အကျကြောင့် ဈေးကွက်ထိခိုက်မှုမရှိဘဲ နေ့စဉ် ကားစီးရေ တစ်ရာခန့် ပြည်တွင်းသို့ တရားမဝင် ပို့ဆောင်တင်သွင်းလျက်ရှိသော်လည်း တရားဝင် တင်သွင်းသည့် ထိုင်းနိုင်ငံထုတ် ကားများမှာ ဘတ်ဈေးအတက်အကျပေါ် မူတည်ပြီး သိသာစွာ ပြောင်းလဲလျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent