အဂတိလိုက်စားမှု ပုဒ်မဖြင့် အမှုဖွင့် အရေးယူခံထားရပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တောင်ငူခရိုင် ဒုတိယခရိုင် တရားသူကြီးဟောင်း ဦးရွှေအား တစ်နှစ်နီးပါးကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

အဂတိလိုက်စားမှု ပုဒ်မဖြင့် အမှုဖွင့် အရေးယူခံထားရပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တောင်ငူခရိုင် ဒုတိယခရိုင် တရားသူကြီးဟောင်း ဦးရွှေအား တစ်နှစ်နီးပါးကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး
Published 12 December 2015
ဇော်ဝင်းချစ်၊ နေရိုင်း

အဂတိလိုက်စားမှု ပုဒ်မဖြင့် အမှုဖွင့် အရေးယူ ခံထားရပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တောင်ငူခရိုင် ဒုခရိုင် တရားသူကြီးဟောင်း ဦးရွှေအား တစ်နှစ်နီးပါး ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တောင်ငူမြို့မ အမှတ် ၁ ရဲစခန်းမှ စုံစမ်း သိရသည်။
တောင်ငူခရိုင် ဒုခရိုင် တရားသူကြီးဟောင်း ဦးရွှေသည် ၎င်းကိုင်တွယ်ခဲ့သည့် ငွေကြေးဆိုင်ရာ အမှုတစ်ခုတွင် ငွေကျပ်သိန်း ၂၀ လာဘ်စားခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (နေပြည်တော်) မှ စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် ကော်မရှင် အဖွဲ့ဝင် စစ်ဆေးရေးမှူး ဦးမောင်မောင်မြင့်က တရားလို လုပ်ကာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် တောင်ငူမြို့မ အမှတ် ၁ ရဲစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့သည်။ ထို့ကြောင့် တောင်ငူမြို့မ အမှတ် ၁ ရဲ စခန်းမှ ဦးရွှေအား (ပ) ၄၃/၂၀၁၅ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အရေးယူစဉ် ဦးရွှေမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး တစ်နှစ်နီးပါးခန့် အကြာအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးရွှေအား ကနဦး အမှုဖွင့် အရေးယူခဲ့သည့် တောင်ငူမြို့ အမှတ် ၁ ရဲစခန်းသို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဦးရွှေအား ဖမ်းဆီးရမိပြီလား ဟု Daily Eleven သတင်းစာမှ ဒီဇင်ဘာ ၁၂ ရက်က ဆက်သွယ် မေးမြန်းခဲ့ရာ “မကြားသေးဘူးဗျ အဲဒါကျွန်တော့်တို့ ဆီကျတော့ အမှုဖွင့်တာ FIR ဖွင့်တာပဲ၊ ကျန်တာက ပဲခူးမှာ ဆက်လုပ်ကြတာ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဦးရွှေအား အဂတိ လိုက်စားမှုဖြင့် အမှုဖွင့် အရေးယူခဲ့သည့် ဖြစ်စဉ်မှာ ဦးရွှေ ၆၀ နှစ် (ဘ) ဦးထိုက်စံ၊ အမှတ် ၆၂ ချမ်းသာလှ ဘုရား အရှေ့ဘက် အောင်သုခရပ်ကွက်၊ ပုသိမ်ကြီး မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးနေ သူသည်၊ တောင်ငူခရိုင် တရားရုံးတွင် ဒုခရိုင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၄ ခုနှစ် အတွင်း၌ ၎င်းကိုင်တွယ်ခဲ့သည့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် (၂၁/၂၀၁၄) အမှုတွင် အာမခံ ပြန်လည် မရုပ်သိမ်းစေရေး အတွက် အမှုသည်ဖြစ်သူ ဦးမြတ်ထွန်းထံမှ ၂၀၁၄ ခုနှစ် မတ် ၁၃ ရက်က ငွေကျပ် ၂၅ သိန်း တောင်းခံခဲ့ကြောင်း ဦးမြတ်ထွန်းက အဆိုပါ နေ့တွင်၊ ဦးရွှေ ရုံးခန်း၌ ငွေကျပ် ၁၅ သိန်း ပေးခဲ့ရကြောင်း၊၂၀၁၄ ခုနှစ်မတ် ၁၄ ရက်တွင် ပေါင်းတည်မြို့ ရိုးမဘဏ်မှ တောင်ငူရိုးမ ဘဏ်ခွဲသို့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးအေးခိုင်ဆိုသူမှ တစ်ဆင့် ဦးရွှေထံသို့ ငွေကျပ် ငါးသိန်း ထပ်မံလွှဲခဲ့ရာ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ် တိတိအား ဦးရွှေက လက်ခံရယူခဲ့သဖြင့် အဂတိ လိုက်စားမှု ပုဒ်မဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
ဦးရွှေသည် တောင်ငူခရိုင် တရားရုံးတွင် ဒုခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်ကလည်း လူသတ်မှု ပုဒ်မအား အမိန့်ချမှတ်ရာ၊ ၎င်းချမှတ်သည့် ပြစ်ဒဏ်ကို မကျေနပ်သဖြင့် တရားလို မိသားစုဝင် ရှစ်ဦးမှ တောင်ငူခရိုင် တရားရုံးရှေ့တွင် အော်ဟစ် ပြောဆိုမှုများကို ခံခဲ့ရပြီး၊ ရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် ရုံးသို့ တာဝန် ပြောင်းရွှေ့ခံခဲ့ရသည်။ တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ တရားလွှတ်တော် တရားရေး ဦးစီးမှူးရုံး၊ လက်ထောက် ညွှန်ကြားရေးမှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်စဉ် အဂတိ လိုက်စားမှု ပုဒ်မဖြင့် အမှုဖွင့် အရေးယူခံခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent