၂၀၁၆ ခုနှစ်မှသာ စတော့ရှယ်ယာများ ရောင်းချမည်ဆိုသော်လည်း ရန်ကုန် စတော့အိတ်ချိန်းရုံးကို ပိတ်ထားမည်မဟုတ်ဟုဆို

၂၀၁၆ ခုနှစ်မှသာ စတော့ရှယ်ယာများ ရောင်းချမည်ဆိုသော်လည်း ရန်ကုန် စတော့အိတ်ချိန်းရုံးကို ပိတ်ထားမည်မဟုတ်ဟုဆို
Published 11 December 2015

၂၀၁၆ ခုနှစ်မှ စတော့ရှယ်ယာများ ရောင်းချမည် ဆိုသော်လည်း ရန်ကုန်စတော့ အိတ်ချိန်းရုံးကို ပိတ်ထားမည်မဟုတ်ဘဲ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များရောင်း ဝယ်ရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။
ယင်းသို့လုပ်ငန်းများဆောင်ရွက်ရာတွင် စတော့အိတ်ချိန်းစာရင်းဝင် အများပိုင် ကုမ္ပဏီ ခြောက်ခု၏ လုပ်ထုံးလုပ်နည်းများ၊ ရှယ်ယာရောင်းချနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်နေမှုများ ပြုလုပ်နေကြောင်း သိရသည်။
"စတော့အိတ်ချိန်းရုံးက မပိတ်ထားပါဘူး။ ခွင့်ပြုလိုက်တဲ့ အများပိုင်ကုမ္ပဏီ ခြောက်ခုက ရှယ်ယာ ရောင်းချပုံတွေ၊ အဲဒီကုမ္ပဏီ ခြောက်ခုမှာမှ ဘယ်ကုမ္ပဏီက အရင်ဆုံး ရှယ်ယာစရောင်းမှာလဲ။ ပြည်သူတွေ ရှယ်ယာ ဝယ်ယူတဲ့ အခါမှာလည်း ခိုင်မာမှုရှိအောင် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေတာပါ"ဟု မြန်မာ့ငွေချေး သက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment၊ First Private Bank (ပထမပုဂ္ဂလိကဘဏ်) ၊ Myanmar Citizen Bank၊ Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co.,td၊  Myanmar Agribusiness Public Corporation (MAPCO)တို့ကို  ရွေးချယ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီများမှ ရှယ်ယာများ စတင်ရောင်းချရန်ကိုမူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှသာ စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စတော့အိတ်ချိန်းကို နိုင်ငံတကာမှ စိတ်ဝင်စားမှု မြင့်တက်နေပြီး ဖွင့်ပွဲနေ့တွင် ထိုင်း၊ လာအို၊ ဂျပန်၊ အမေရိကန် စတော့အိတ်ချိန်း ကိုယ်စားလှယ်များမှ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

Most Read

Most Recent