လာမည့် အစိုးသစ် လက်ထက်၌ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ပြောကြား

လာမည့် အစိုးသစ် လက်ထက်၌ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ပြောကြား
Published 9 December 2015
ဆန်းထူးအောင်၊ ထက်ရှိုင်း

လာမည့် အစိုးရသစ် လက်ထက်၌ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Roland Kobia က ပြောကြားသည်။“ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံတို့ကြားက ကုန်သွယ်မှုတွေ တိုးမြှင့်ခဲ့ပြီး ဖြစ်ပေမယ့် ဒီထက်ပိုပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ အလားအလာတွေ အများကြီး ရှိနေပါသေးတယ်။ မြန်မာနိုင်ငံ ဘက်ကလည်း သူ့ရဲ့ ပို့ကုန်တွေ တင်ပို့ချင်နေပါတယ်။ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေ ပိုပြီး ထုတ်လုပ်ရပါမယ်။ အီးယူဘက်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လိုပါတယ်။ နည်းပညာတွေ ကူးပြောင်းနိုင်ရပါမယ်။ မြန်မာနဲ့ အီးယူရဲ့ စီးပွားရေးကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အတူတကွ ပူးပေါင်းလုပ်ကိုင် နေကြတာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်စပ်နေပါတယ်။ တချို့နိုင်ငံတွေဆိုရင် မြန်မာနိုင်ငံနဲ့ စီးပွားရေးမှာ ယှဉ်ပြိုင်နေရတာမျိုး ရှိပါတယ်။ အီးယူနဲ့ မြန်မာတို့က ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် မြန်မာမှာ ရှိတာတွေ အီးယူက လိုအပ်ပြီး အီးယူမှာ ရှိတာတွေ မြန်မာက လိုအပ်ပါတယ်။ ဒါကြောင့် ညီတူ ညီမျှဖြစ်အောင် လုပ်ဖို့ဆိုတာ အရမ်း လွယ်ပါတယ်။ အားကောင်းတဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ ရှိပါတယ်။ အစိုးရသစ် လက်ထက်မှာ အီးယူက ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု အများကြီး လာကြပါလိမ့်မယ်။ အရေးကြီးတာက အစိုးရအသစ် အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတယ် ဆိုတာနဲ့ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးမယ်ဆိုတဲ့ မှန်ကန်တဲ့ အချက်ပြမှုမျိုး လုပ်ရပါလိမ့်မယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia က ပြောကြားသည်။ထို့ပြင် အီးယူ အနေဖြင့် ပညာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို အဓိကထား ကူညီနေပြီး ပြည်တွင်းငြိမ်းချမ်းရေး မရှိပါက ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။အီးယူ အနေနဲ့ မြန်မာမှာ အချက်လေးချက်ကို အဓိကထားပြီး လုပ်ကိုင်ပါတယ်။ ပထမ ဦးစားပေး အနေနဲ့ကတော့ ပညာရေးကဏ္ဍ ဖြစ်ပါတယ်။ အဲဒီအတွက် ကျပ် ၃၅၀ ဘီလျံလောက် အသုံးပြုထားတယ်။ ဒုတိယ အနေနဲ့ကတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အဲဒီမှာဆိုရင် စိုက်ပျိုးရေးကဏ္ဍ ပါမယ်။ တတိယအချက် အနေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ဥပမာ-လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ရွေးကောက်ပွဲနဲ့ တရားစီရင်ရေး စနစ်တို့ စတာတွေ ပါပါတယ်။ နောက်ဆုံး အချက်ကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဒီမိုကရေစီ မရှိနိုင်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိနိုင်ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး တည်မြဲဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်” ဟု သံအမတ်ကြီး Roland Kobia က ပြောကြားသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံက ဒေါ်လာ ၁၄၁၉ သန်းကျော်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာ ၄၁၀၇ သန်းကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၂၈ နိုင်ငံက ဒေါ်လာ ၈၀၁၀ သန်းကျော် အသီးသီး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နှစ်ဆနီးပါး တိုးတက်ဝင်ရောက်ခဲ့ကြောင်း၊ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၆၀၀၀ အထိ ဝင်ရောက်နိုင်ရန် လျာထားကြောင်း သိရသည်။၂၀၁၅ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက် မြှုပ်နှံမှု ပြုလုပ်ရန်အတွက် ခွင့်ပြုချက် ရယူထားသည့် ပြည်ပနိုင်ငံပေါင်း ၄၁ နိုင်ငံရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၅၇ ဘီလျံကျော်ရှိကာ အမှန်တကယ် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်နေသည့် နိုင်ငံပေါင်းမှာ ၃၆ နိုင်ငံရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၇ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

Most Read

Most Recent