MAPCO, FMI, သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ လီမိတက် အပါအဝင် အများပိုင်ကုမ္ပဏီ ခြောက်ခုတို့ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လဆန်းတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ မြဝတီဘဏ်ရုံးချုပ်ဟောင်း နေရာတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment၊ First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank၊ Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co.,Ltd၊ Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီများမှ ရှယ်ယာများ စတင်ရောင်းချရန်ကိုမူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှသာ စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။“အခုက စတော့အိတ်ချိန်း ဖွင့်ပေမယ့် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ဖို့က နောက်နှစ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှာမှ ရောင်းရမယ်။ ဘာလို့လဲဆိုတော့ စတော့အိတ်ချိန်း ပေါ်ဖို့ကိုတောင် နှစ်အကြာကြီး စောင့်ပြီးပြီ။ တစ်လ၊ နှစ်လ နောက်ကျရုံနဲ့ ဘာမှ မဖြစ်ဘူး။ အဓိကက ကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်နည်းကို ပြင်ဆင်မှာ ဖြစ်တာကြောင့် နောက်နှစ်မှ ရှယ်ယာရောင်းသွားမှာ ဖြစ်တယ်။ ကုမ္ပဏီတွေက ရှယ်ယာ အခုရောင်းချင်နေပေမယ့် ပြင်ဆင်စရာတွေ ရှိတာကြောင့် ရောင်းခွင့်မပေးသေးတာပါ” ဟု မြန်မာ့ငွေချေး သက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ယခု စတင်သည့် ရန်ကုန်စတော့အိတ်ချိန်းကို ပြည်တွင်းကုမ္ပဏီများဖြင့်သာ စတင်ထားပြီး စတော့ရောင်းဝယ်ရန် အချိန် နှစ်ချိန် သတ်မှတ်ထားကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
စတော့ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ခြင်းကို နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ရှယ်ယာ အရောင်းအဝယ်များကို Matching ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။“မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့အိတ်ချိန်းကို စဖွင့်ရာမှာ ကုမ္ပဏီ ခြောက်ခုနဲ့ စတင်သွားမှာ ဖြစ်တယ်။ နောက်ပိုင်းမှာ အများပိုင် ကုမ္ပဏီတွေကို စည်းကမ်းချက်နဲ့ ကိုက်ညီရင် ထပ်ပြီး ရွေးချယ်သွားမယ်။ အဓိကကတော့ အများပိုင် ကုမ္ပဏီ ဖြစ်ရမယ်။ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် ၁၇ ချက် အနက်က အဓိက သုံးချက်ဖြစ်တဲ့ မြတ်နိုင်စွမ်း ရှိမရှိ၊ ကုမ္ပဏီရဲ့ တောင့်တင်းမှု၊ ပွင့်လင်းမြင်သာမှု ရှိမရှိကို စစ်ဆေးတာဖြစ်ပြီး အဲဒီချက်တွေညီရင် စာရင်းဝင်လို့ ရပါတယ်။ နောက်ပြီး ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေရဲ့ နောက်ကြောင်း ရာဇဝင်နဲ့ ခိုင်မာမှုကို ကော်မရှင် အနေနဲ့ တာဝန်ယူပါတယ်” ဟု မြန်မာ့ငွေချေး သက်သေခံလက်မှတ်များ ရောင်းဝယ်မှု ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းကို နိုင်ငံတကာမှ စိတ်ဝင်စားမှု မြင့်တက်နေပြီး ဖွင့်ပွဲနေ့တွင် ထိုင်း၊ လာအို၊ ဂျပန်၊ အမေရိကန် စတော့အိတ်ချိန်း ကိုယ်စားလှယ်များမှ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို ဂျပန်-မြန်မာ ဖက်စပ်တည်ထောင်ခဲ့ပြီး ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီလီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင်ဖွဲ့စည်းခဲ့ပြီး ခွင့်ပြုမ,တည် ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁၀၀ နှင့် ထည့်ဝင်ရင်းနှီးငွေမှာ ကျပ် ၃၂ ဘီလျံဖြစ်ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။စတော့အိတ်ချိန်းအတွက် စံသတ်မှတ်ချက် ၁၇ ချက် သတ်မှတ်ထားပြီးဖြစ်ကာ ယခု ခွင့်ပြုခဲ့သည့် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့် လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာ့ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်လိုက်သော်လည်း ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လဆန်းရောက်မှ ရောင်းချမည်










