ပြည်သူ့ရင်ပြင်အနီး၌ လူငယ်လေးဦးက လူနှစ်ဦးအား ထိုးကြိတ်လုယက်မှုမှ လွတ်မြောက်နေသူ သုံးဦးကို နှစ်ပတ်ကြာသည်အထိ ဖမ်းမမိသေး

ပြည်သူ့ရင်ပြင်အနီး၌ လူငယ်လေးဦးက လူနှစ်ဦးအား ထိုးကြိတ်လုယက်မှုမှ လွတ်မြောက်နေသူ သုံးဦးကို နှစ်ပတ်ကြာသည်အထိ ဖမ်းမမိသေး
Published 8 December 2015
မြင့်သူ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်အနီး၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို လူလေးဦးက ထိုးကြိတ်ကာ ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်စဉ်မှ လွတ်မြောက်နေသော ကျူးလွန်သူသုံးဦးအား နှစ်ပတ်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒဂုံမြို့မရဲစခန်းမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။ဖြစ်စဉ်မှာ လွန်ခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ညပိုင်းက ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်း ဟယ်လ်ပင် ကားမှတ်တိုင်ဘက်မှ ပြည်သူ့ရင်ပြင်ဘက်သို့ လမ်းလျှောက်လာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား အမည်မသိ လူငယ်လေးဦးတို့က ပြည်လမ်းနှင့် အလုံလမ်း မီးပွိုင့်အလွန် ပြည်သူ့ဥယျာဉ်ထောင့်၌ ဝိုင်းဝန်းထိုးကြိတ်၍ ပါလာသော ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်၊ ပိုက်ဆံများပါသည့် ဆလင်းဘက်အိတ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့အား လုယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့ ရိုက်နှက် ထိုးကြိတ်လုယက်ခံရမှုကြောင့် အမျိုးသားတွင် ဦးခေါင်းနာကျင်၊ ပါးနှစ်ဖက်ဖူးရောင် ဒဏ်ရာ၊ အမျိုးသမီးတွင် ယာမျက်စေ့အောက် ဖူးရောင်ညိုမဲဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူတစ်ဦးဖြစ်သော ကြည့်မြင်တိုင်မြို့နယ်နေ ချမ်းလင်းဇော်ဆိုသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကျူးလွန်သူ သုံးဦးကို ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။“ကျွန်တော်တို့ ကျူးလွန်တဲ့သူ တစ်ယောက်ကိုတော့ အခင်းဖြစ်စဉ်ပြီးတော့ သိပ်မကြာလိုက်ခင်မှာဘဲ ဖမ်းမိခဲ့တယ်။ ကျန်တဲ့ ကျူးလွန်သူသုံးဦးကိုတော့ ဒီနေ့အထိ ဖမ်းမမိသေးပါဘူး။ စုံစမ်းစစ်ဆေးတုန်းပဲ ရှိပါသေးတယ်”ဟု ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၇ ရက်က ဆိုသည်။အဆိုပါဖြစ်စဉ်ကို ဒဂုံမြို့မရဲစခန်းက (ပ)၂၃၉/၁၅ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ကာ ကျန်ကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent