အပြန်အလှန် လေးစားနားလည်မှု တည်ဆောက်ကာ ပြည်ထောင်စု စိတ်ဓာတ် ပိုမိုတိုးပွားရန် ကြိုးစားချင်ကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အပြန်အလှန် လေးစားနားလည်မှု တည်ဆောက်ကာ ပြည်ထောင်စု စိတ်ဓာတ် ပိုမိုတိုးပွားရန် ကြိုးစားချင်ကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 8 December 2015

အပြန်အလှန် လေးစားမှု၊ နားလည်မှု တည်ဆောက်ကာ ပြည်ထောင်စုစိတ်ဓာတ် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားရန် ကြိုးစားချင်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။“တိုင်းရင်းသားတွေအပြင် ဗမာတွေပါ ပါတယ်လို့ ယူဆလိုက်ပါ။ ကျွန်မတို့ အားလုံးဟာ၊ တိုင်းရင်းသားတွေ အားလုံးဟာ ငါတို့ ဘာပေးနိုင်လည်းဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီပြည်ထောင်စု ချဉ်းကပ်မှ ပြည်ထောင်စုကြီးဟာ တကယ်ကို ငြိမ်းချမ်းနိုင်မယ်။ တကယ်ကို တိုးတက်နိုင်မယ်။ ဖွံ့ဖြိုးနိုင်မယ်။ ငါတို့ ဘာရမလဲ ဆိုတာ နံပါတ်တစ် မဟုတ်ပါဘူး။ ငါတို့ ဘာပေးနိုင်မလည်းဆိုတာ နံပါတ်တစ် ထားမယ်ဆိုရင် ဒီဟာ တကယ်ကို အောင်မြင်မှာပါလို့ ကျွန်မ ထင်ပါတယ်။ တချို့ကတော့ မေးမှာပေါ့ ငါတို့ တိုင်းရင်းသားတွေကို သိပ်ကို ဆင်းရဲနေတာ ငါတို့က ဘာပေးနိုင်လို့လည်း မဟုတ်ဘူး။ တန်ဖိုးရှိတယ်။ ကျွန်မတို့ လူတိုင်းလူတိုင်းမှာ တန်ဖိုးရှိသလို ကျွန်မတို့ တိုင်းရင်းသားတိုင်းမှာ တန်ဖိုးရှိတာတွေ၊ ပေးစရာတွေ အများကြီး ရှိတယ်။ ကိုယ်က ရုပ်ပိုင်းဆိုင်ရာ မချမ်းသာလို့ မပေးနိုင်ဘူးဆိုတာ ဒါလုံး၀ မဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာတဲ့အဖွဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့က ကျွန်မတို့ရဲ့ နိုင်ငံကို အလုပ်အကျွေး ပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ လုပ်တာပါ။ အဲဒီတော့ တိုင်းရင်းသားများ အားလုံးကလည်း ငါတို့က ဒီပြည်ထောင်စုကြီးကို ပေးစရာ တန်ဖိုးရှိတဲ့ ကိစ္စတွေ အများကြီး ရှိတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကျွန်မပြောတာ မဟုတ်ဘူးနော်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အဲဒီလို စိတ်ဓာတ်နဲ့ အားလုံးဝိုင်းပြီးတော့ လုပ်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရကို ရမှာပဲလို့ ကျွန်မ အဲဒီလို ယုံကြည်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အဖွဲ့ချုပ်ကို အကြံပြုတာ ရှိစရာတွေ အကြံပြုပါ။ ဝေဖန်စရာ ရှိတာတွေလည်း ဝေဖန်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားသည်။“အရေးကြီးတာက တစ်ဦးပေါ်တစ်ဦး စိတ်ထား ဖြောင့်ဖြောင့်မတ်မတ် ထားဖို့ပါ။ ကျွန်မတို့ အမြဲပဲ ပြောပါတယ်။ အပြန်အလှန် လေးစားမှု အပြန်အလှန် နားလည်မှု အဲဒီဟာ အပေါ်မှာ အခြေခံပြီးတော့ ပြည်ထောင်စုကို တည်ဆောက်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ဟာ အချင်းချင်းကြားမှာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်မှု တည်ဆောက်ပြီးတော့ ပြည်ထောင်စုစိတ်ဓာတ် တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ တိုးပွားဖို့ ကျွန်မတို့ ကြိုးစားချင်ပါတယ်” ဟု ဆိုသည်။“ကိုယ့်ရဲ့ လိုအပ်ချက်တွေ ကိုယ့်ရဲ့ စိုးရိမ်ချက်တွေ ဒါတွေကို မထိန်ချန်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ စိုးရိမ်ပူပန်မှုတွေက အခြေအမြစ် မရှိပါဘူး။ အခြေအမြစ် မရှိတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်မိုလို့ အချင်းချင်းကြား စိတ်ဝမ်းကွဲရတယ်ဆိုတာ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ အဲဒီတော့ ပွင့်ပွင့်လင်းလင်း မပြောတတ်တဲ့ အလေ့အထ တစ်ချို့ကြတော့လည်း အားနာလို့ပေါ့နော် တစ်ချို့ကြတော့လည်း ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ ဒီလို ပွင့်ပွင့်လင်းလင်းပြောတဲ့ အလေ့အကျင့် မရှိလို့ပေါ့။ အဲဒါတွေကြောင့် ထိန်ချန်ထားတဲ့ အခါကြတော့ မလိုအပ်ဘဲနဲ့ နားလည်မှုတွေ လွဲပါတယ်။ အဲဒါကြောင့် မထိန်ချန်ပါနဲ့။ ကိုယ့်စိတ်ထဲမှာ ရှိတာကို တကယ့်ကို မှန်မှန်ကန်ကန် ပြည်ထောင်စု အပေါ်မှာ စေတနာထားပြီးတော့ ပြောချင်တဲ့ ကိစ္စတွေကို ပြောပါ။ ကျွန်မတို့ ကိုယ်စားလှယ်တွေကလည်း ဒါတွေကို စိတ်ဝင်စားပါတယ်။ သိချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။၁၉၉၀ နောက်ပိုင်းမှ၍ ခက်ခဲသည့် အခြေအနေများကို ဖြတ်သန်းရာတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများက အတူရပ်ခဲ့သည့်အတွက် ကျေးဇူးမမေ့ကြောင်းနှင့် ရှေ့ဆက် နိုင်ငံတိုးတက်ရန်အတွက် ယင်းကဲ့သို့ စည်းလုံးညီညွတ်မှု များစွာလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။NLD အနေဖြင့် လွှတ်တော်ထဲတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံပိုင်ခွင့်၊ ရင်းနှီးခွင့် ရရှိခဲ့သည့်အတွက် အင်မတန်မှ တန်ဖိုးကြီးကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဒီမိုကရေစီ ဆိုတာကတော့ လွှတ်တော်ဆိုတာကတော့ အမြဲပဲ ပြောင်းနေမှာပဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ လူတွေဟာ လွှတ်တော်ထဲမှာ မရှိတော့လို့ ကျွန်မတို့ ကြားထဲမှာ အဆက်ပြတ်သွားတာ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီအရ ဒီလွှတ်တော်ထဲမှာ တက်လာတဲ့လူတွေက နောက်လွှတ်တော်ကျ ပါချင်မှ ပါမှာ။ ဒီလွှတ်တော်ထဲမှာ အခုဆက်တဲ့ လူက နောက်လွှတ်တော်မှာ ပြန်ပါရင်လည်း ပါလာမှာပဲ။ ကျွန်မတို့ အချင်းချင်းဟာ နိုင်ငံရဲ့ အကျိုးကို ကြည့်ပြီးတော့ ရင်းနှီးမှုခင်မင်မှု တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု၊ တစ်ယောက်နဲ့ တစ်ယောက် ကူညီမှုဆိုတာ ဖြစ်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ဖြစ်သည့်အတွက် ဂုဏ်ယူသင့်ကြောင်း၊ အခက်အခဲများကို ကျော်လွှားရန်မှာလည်း အားလုံး၏ တာဝန်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အား “ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ပြောလို့ရှိရင် ကျန် တိုင်းရင်းသားများဆိုတာ ဗမာလည်း ပါတယ်ဆိုတာ မမေ့ပါနဲ့။ တော်တော်များများဟာ တိုင်းရင်းသားဆိုတာ ဗမာမပါလို့ မြင်ကြတယ်။ ဗမာက အများစုဆိုတော့ ဗမာတွေက တစ်ဖက်က ကျန်တဲ့ တိုင်းရင်းသားတွေက တစ်ဖက်က အဲဒီလိုမြင်တာ တစ်နည်းအားဖြင့် သဘာ၀ ကျပါတယ်။ ဒါကတော့ ဗမာက အများစုဆိုတော့ တော်တော် အများစုကြီး ဖြစ်နေတာကို တစ်ဝက်ကျော်ကျော်က ဗမာတွေ ဖြစ်နေတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေ အားလုံး စုလိုက်မှ ဗမာတွေလောက် မများဘူးဆိုတော့ ဗမာတွေကို တိုင်းရင်းသားတွေထဲမှာ စာရင်းမသွင်းတာလဲ ဒါသဘာဝတော့ ကျပါတယ်။ ဒါပေမဲ့ စာရင်းသွင်းပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။တစ်နိုင်ငံလုံးတွင် တိုင်းရင်းသား လူမျိုးများရှိပြီး တဖြည်းဖြည်း ပြည်ထောင်စုပုံစံ ဖြစ်လာသော်လည်း ပြည်ထောင်စုစိတ်ဓာတ်ကိုပါ ပြုစုပျိုးထောင်သွားရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။“ပင်လုံစိတ်ဓာတ်ကို ရှင်းပြပါဆိုရင် ကျွန်မကနေပြီးတော့ ပင်လုံစာချုပ် ချုပ်တဲ့အခါမှာ အချို့က ပင်လုံစိတ်ဓါတ်ဆိုတာ ပင်လုံစာချုပ်ကိုပဲ စဉ်းစားတယ်။ ကျွန်မက ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်တဲ့ စိတ်ကြောင့်၊ ပင်လုံစိတ်ဓာတ်ကြောင့် ပင်လုံစာချုပ်ဆိုတာ ပေါ်လာတာ။ တိုတိုပြောရမယ်ဆိုရင် အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပူးပေါင်းခြင်းထက် ပိုပြီး ထိရောက်တယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင် ရောက်နိုင်တယ်ဆိုတဲ့ အယူအဆဟာ ပြည်ထောင်စု စိတ်ဓာတ်ပါပဲ။ ပင်လုံစိတ်ဓာတ်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။တိုင်းရင်းသားအားလုံး အနေဖြင့် မိမိ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းတို့ကို နှစ်သက်ကြသော်လည်း အားလုံးပူးပေါင်း ဆောင်ရွက်ခြင်း၏ တန်းဖိုးကို မမေ့ရန်လိုကြောင်း၊ လုပ်ချင်သလို လုပ်မည် ဆိုပါက ပြည်ထောင်စုအတွက် တန်ဖိုးရှိသည့် အမြင်များ မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုပြီးတိုးတက် အောင်မြင်နိုင်သည်ဟု ယုံကြည်သည့်အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို မွေးမြူချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Most Read

Most Recent