ဖားကန့်ဒေသတွင် မြေစာပုံ ပြိုပြီး လူအများအပြား သေဆုံးရခြင်းသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ခြင်းနှင့် စွန့်ပစ်မြေစာပုံများကို အခြေခံ လူတန်းစားများအတွက် လုပ်ကိုင်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

ဖားကန့်ဒေသတွင် မြေစာပုံ ပြိုပြီး လူအများအပြား သေဆုံးရခြင်းသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ခြင်းနှင့် စွန့်ပစ်မြေစာပုံများကို အခြေခံ လူတန်းစားများအတွက် လုပ်ကိုင်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး
Published 7 December 2015
စိုးမင်းထိုက်

ဖားကန့်ဒေသတွင် မြေစာပုံပြိုပြီး လူအများအပြား သေဆုံးရခြင်းသည် တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့် ဖြစ်ခြင်းနှင့် စွန့်ပစ်မြေစာပုံများကို အခြေခံလူတန်းစားများအတွက် လုပ်ကိုင်ခွင့်ပြုရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုကာ လူရာချီ သေဆုံးမှုမျိုး ထပ်မံမဖြစ်ပွားရန်အတွက် ကြိုတင်ကာကွယ် စီမံဆောင် ရွက်သွားရန် အဆိုအား လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က ဖားကန့်ဒေသတွင် မြေစာပုံပြိုကျပြီး လူအများအပြား သေဆုံးရခြင်းသည် တရားဥပဒေ စိုးမိုးမှုမရှိခြင်းသည် အဓိက အကြောင်းဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သွားရောက် ကြပ်မတ် စစ်ဆေးရန် အခက်အခဲ ရှိကြောင်း၊ထို့အတွက် တရားဥပဒေ စိုးမိုးမှုရှိရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိရန်အတွက် အဓိကအချက်သည် ငြိမ်းချမ်းရေး ရရှိရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ကျောက်စိမ်း တူးဖော်ခြင်းလုပ်ငန်းအား နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကိုင်ခွင့်ရှိသည့် ဧရိယာများအတွက် သက်တမ်းတိုးခွင့် ရှိသော်လည်း တစ်ဆက်တစ်စပ်တည်း မဟုတ်ကြောင်း၊ တူးဖော်ချိန် ခြောက်လတွင် လေးလသာ အချိန်ရသည့်အတွက် ကျောက်ကြော မရောက်ခင် ဖယ်ရှား စွန့်ပစ်ရသည့် မြေစာများအား စွန့်ပစ်ရကြောင်း၊ ကျောက်စိမ်းတူးဖော်ရာတွင် အချိန်နည်းပါးသည့်အပြင် မြေစာအမြောက်အမြား စွန့်ပစ်ခြင်း၊ လုပ်ကွက်သက်တမ်း ခွင့်ပြုပေးမှု အချိန်နည်းပါးခြင်းသည် အဓိက အချက်ဖြစ်နေကြောင်း ဦးနေဝင်းထွန်းက ဆွေးနွေးခဲ့သည်။
မြေစာပုံများသည် မြေအစိုများ ပါဝင်သည့်အတွက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ကြောင်း၊ မြေစာပုံများအနီးတွင် နေထိုင်ခွင့် မပြုသင့်ကြောင်း၊ အခြေခံလူတန်းစားများအတွက် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းများ၊ နေထိုင်လုပ်ကိုင်နိုင်ရန် သီးခြားမြေ ဧရိယာများ ဆောင်ရွက်ပေးထားသင့်ကြောင်း၊ စွန့်ပစ်မြေစာများကို သတ်မှတ်ဧရိယာတွင် သတ်မှတ်ချက်များနှင့် အညီ စွန့်ပစ်ခြင်းဖြင့် လူ့အရင်းအမြစ်များကို ထိခိုက်ပျက်စီးမှုကို လျော့နည်းစေနိုင်သည့်အပြင် မြစ်ချောင်းများအတွင်း မြေစာများ စီးဆင်းပိတ်ဆို့ခြင်းများ လျော့နည်းစေရန် စနစ်တကျ ဆောင်ရွက်သင့်ကြောင်း ဦးနေဝင်းထွန်းက ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်အောင်က ဖားကန့်ဒေသတွင် အခြေခံ လူတန်းစားများ သေကြေရသည့်အဖြစ် ကြုံတွေ့ရခြင်းသည် မြန်မာ့ကျောက်မျက်ဥပဒေ၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ တည်ဆဲ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေတွင် အခြေခံလူတန်းစား နိုင်ငံသားများ လုပ်ကိုင် စားသောက်နိုင်ရန်အတွက် အခွင့်အရေး၊ အကာအကွယ် အစောင့်အရှောက် ပေးထားသည့် ဥပဒေပုဒ်မများ မပါရှိသည့်အတွက် အခြေခံ လူတန်းစားများသည် ဥပဒေပြင်ပမှသာ လုပ်ကိုင်စားသောက်နေရကြောင်း ဆွေးနွေးခဲ့သည်။
မြန်မာ့ ကျောက်မျက်ဥပဒေမှာ အခြေခံလူတန်းစား နိုင်ငံသားတွေအတွက် လက်လုပ်လက်စား တပိုင်တနိုင် လုပ်ပိုင်ခွင့်ပြဋ္ဌာန်း ပေးခဲ့မယ်ဆိုရင် ဥပဒေနဲ့အညီ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုဆိုရင် မြေစာပုံတွေကြားထဲမှာ ရှာဖွေလုပ်ကိုင်ဖို့ အကြောင်းရှိမှာ မဟုတ်ပါဘူး။ကျွန်တော်ဆိုရင်လည်း အရင်တုန်းက တစ်နိုင်တစ်ပိုင် လုပ်ကွက်လေးတွေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လုပ်ငန်းရှင်ကြီးတွေ ရောက်လာပြီး စက်ယန္တရားကြီးတွေနဲ့ လုပ်ကိုင်လာတော့ ကျွန်တော်လည်း ရေမဆေးကျောက်ရှာတဲ့ ဘ၀ ရောက်ခဲ့တယ်။  ဥပဒေမှာသာ ပြဋ္ဌာန်းပေးထားမယ်ဆိုရင် အခုလို အဖြစ်ဆိုးတွေ ကြုံရမှာ မဟုတ်ပါဘူး”ဟု ဦးစိုင်းတင်အောင်က ပြောကြားခဲ့သည်။
ဖားကန့်ဒေသတွင် ၂၀၁၅ ခုနှစ်အတွင်းမှာပင် မြေပြိုမှု ၃၇ ကြိမ်ရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်း လုပ်ကိုင်လာခဲ့သည့် ဒေသဖြစ်သည့်အတွက် မြေစာပုံ ပြိုကျမှု အကြိမ်ပေါင်း မည်မျှရှိသည်ကို မသိနိုင်ကြောင်း၊ အခြေခံလူတန်းစား နိုင်ငံသားများ ဘေးကင်းစွာ လုပ်ကိုင်နိုင်ရန်အတွက် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆက်လက် ဆွေးနွေးခဲ့သည်။
ဖားကန့်ဒေသတွင် ၁၉၉၄ ခုနှစ်မှ စကာ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လာသည့်အတွက် တွင်ကျယ်စွာ ဆောင်ရွက်လာနိုင်သည်ဟု ထင်မြင်ရကောင်း၊ သို့ရာတွင် နှစ်ပေါင်းများစွာကြာမှ အရည်အသွေးပြည့်မီသည့် ကျောက်မျက်ရတနာများကို အချိန်တိုအတွင်းမှာပင် ယန္တရားကြီးများ၊ မိုင်းများအသုံးပြုပြီး တူးဖော်သည့်အတွက် အဖိုးတန် ကျောက်မျက်ရတနာများသည် အချိန် အနည်းငယ်အတွင်းမှာပင် ကုန်ဆုံး ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း ဦးစိုင်းတင်အောင်က ဆွေး နွေးခဲ့သည်။
စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွေနေသည့် အခြေခံလူတန်းစား လက်လုပ်လက်စားများ အရေအတွက်သည် နှစ်သိန်းခန့်ရှိကြောင်း၊ စားဝတ်နေရေးအတွက် အန္တရာယ် ကြီးမားသော်လည်း ရှာဖွေ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခဲ့သည်။
အခြေခံ လူတန်းစားများအတွက် ကျောက်မျက်ဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းပေးခြင်းဖြင့် ၎င်းတို့ လုပ်ကိုင်ရောင်းဝယ် ဖောက်ကားမှုမှ ရရှိသည့် ဝင်ငွေ အကျိုးအမြတ်များမှ အခွန်အကောက်များ ရရှိနိုင်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်  အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများအား ပြင်ဆင်ဖြည့်စွက်ကာ ရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း ဦးစိုင်းတင်အောင်က ဆွေးနွေးခဲ့သည်။
ဦးစံပြည့်က “အခုဆိုရင် ဖားကန့်ဒေသမှာ အရင်းအနှီး တတ်နိုင်တဲ့ တရုတ်ကုန်သည်တွေက အောက်ခြေနဲ့ဝယ်ပြီး ဈေးတက်လာမှ ရောင်းဖို့အတွက် ဝယ်ပြီးစုထားကြတယ်လို့သိ ရပါတယ်။ ဖားကန့်မှော်ထဲမှာ စက်ယန္တရားကြီးတွေနဲ့ ၂၄ နာရီလုံး အကြီးအကျယ် တူးနေကြပါတယ်။ နောက်အစိုးရ တက်လာရင် ပေါ်လစီ ပြောင်းသွားနိုင်တဲ့အတွက် နေ့ဆိုင်းညဆိုင်းတွေနဲ့ တူးဖော်နေကြတယ်လို့လည်း ကြားသိနေရပါတယ်။အခုလိုအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက်ပိုင်းကျရင်တော့ ကျောက်စိမ်းဟာ တရုတ်ပြည်ကထွက်တဲ့ တွင်းထွက်ပစ္စည်းလို့ ပြောရတော့မလို ဖြစ်သွားမှာပါ။ အဲဒီအတွက် တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်သင့်ပါပြီ”ဟု ဆွေးနွေးခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းခဲ့သည့် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုကာ လူရာချီသေဆုံးမှုမျိုး ထပ်မံ မဖြစ်ပွားရန်အတွက် ကြိုတင်ကာကွယ် စီမံဆောင်ရွက်ရန် အဆိုအား အမျိုးသားလွှတ်တော် ဥပဒေများအရ အဆိုတင်သွင်းသည့်နေမှ ၂၁ ရက်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားရမည် ဖြစ်သည်။           
 

Most Read

Most Recent