မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးစိုက်ဧက ၁၅ သန်း စိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း ရေကြီးမှုများကြောင့် မိုးစပါးစိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့

မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးစိုက်ဧက ၁၅ သန်း စိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း ရေကြီးမှုများကြောင့် မိုးစပါးစိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့
Published 5 December 2015
နီလာ

မြန်မာနိုင်ငံ၏ အဓိက စားသုံးသီးနှံဖြစ်သည့် စပါး၊ ဆန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ပို လျှံမှု၊ ပြည်ပတင်ပို့နိုင်မည့် အလားအလာများကို စိစစ် တွက်ချက်တင်ပြပေးကြရန်နှင့် ဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများကို သုံးသပ် စိစစ်ပေးကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ရေကြီးရေလျှံမှုနှင့်အတူ သဘာ၀ ဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည့်အတွက် ဆန်ဈေးနှုန်းနှင့်အတူ အခြားကုန်စည်ဈေးန်းများ အထိုက်အလျောက် မြင့်တက်လာခဲ့သည်။ထို့ပြင် ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆန်အပါအဝင် လယ်ယာထွက်သီးနှံများ၊ အခြားပို့ကုန်များ၏ ကုန်သွယ်မှု ပမာဏလျော့နည်းသွားခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုဝင်ဘာ ပထမပတ်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၈၀၀၀၀၀ ကျော်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ၂၈၁ သန်း ရရှိထားကြောင်း၊ ဧပြီ ၁ ရက်မှ နိုဝင်ဘာပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၅၆၀၄၆၀ တန် တင်ပို့မှုမှ ဒေါ်လာ ၂၀၆ သန်းရရှိထားကြောင်း၊ ယခင်နှစ် ကာလတူတင်ပို့မှုမှာမူ ဆန်တန်ချိန် ၇၂၇၈၉၀ တန် တင်ပို့မှုမှ ဒေါ်လာ ၂၇၅ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ်မိုးစပါးစိုက်ဧက ၁၅သန်းစိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း ရေကြီးမှုများကြောင့် မိုးစပါး စိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့ကြောင်း  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။ဇူလိုင်နှင့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ယာမြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါ ရေမြုပ်ခဲ့သည့် လယ်မြေများအနက် မိုးစပါးစိုက်ဧက ၇၃၆၁၄၄ ထိခိုက်ပျက်စီးခဲ့ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်တင် ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်များအရ သိရသည်။လက်ရှိအချိန်တွင် ပြည်တွင်း၌ စပါး၊ ဆန်ဈေးနှုန်းများ အထိုက်အလျောက် မြင့်တက်မှု ရှိနေသော်လည်း မကြာမီကာလအတွင်း စပါးများ လှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်၍ ဈေးနှုန်းများ တည်ငြိမ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေခြင်းဖြစ်၍ ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပြည်ပမှ တင်သွင်းမှုနှင့် Re-export ဆောင်ရွက်မှုတို့ကို လိုအပ်သလို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။                                        

Most Read

Most Recent