နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရာ၌ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ရမည့် ကိုယ်စားလှယ် အချိုးအစားကို အဓိက ညှိနှိုင်းရမည်ဖြစ်ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ စသည့် သုံးပွင့်ဆိုင် ပုံစံမျိုးကို အခြေခံရမည် ဖြစ်သည်ဟု နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီဝင် နိုင်ငံရေး ပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (NCA) နည်းပညာ အထောက်အကူပြု အဖွဲ့မှ ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲနိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီက နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရာတွင် အစုအဖွဲ့ အသီးသီးမှ ရေးဆွဲပြုစုထားသည့် မူဘောင် အားလုံးကို ကိုးကားရမည်ဖြစ်ပြီး နောင်တက်လာမည့် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များအတွက်လည်း အဆင်ပြေစေမည့် အခြေအနေမျိုးဖြစ်အောင် ပြုလွယ် ပြင်လွယ်ဖြစ်အောင် ရေးဆွဲနိုင်ရေး ကြိုးစားမည်ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရာတွင် အဓိက ညှိနှိုင်းရမည့် ကိစ္စနှင့် ပတ်သက်ပြီး ဦးစိုင်းကျော်ညွန့်က “အဓိက,ကတော့ ပါဝင်မယ့် အချိုးအစားကတော့ အဓိက ညှိရပါလိမ့်မယ်။ ဘာလို့လဲဆိုရင် ဆွေးနွေးမယ့် အကြောင်းအရာတွေ ဘာတွေကတော့ သိပ်မကွာကြဘူးလေ။ ပြုလွယ်ပြင်လွယ် ဖြစ်အောင် လုပ်မယ်လို့လည်း ပြောထားတာလေ။ NCA အပေါ်မှာ အခြေခံရမယ်ဆိုတော့ NCA ထဲမှာ ၂၂ (က) မှာ သူရေးထားတာက အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်များ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တရားဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များဆိုပြီး သုံးပွင့်ဆိုင် ပုံစံမျိုးကိုတော့ အခြေခံရမယ်လို့ သွားမြင်တာလေ” ဟု ပြောကြားသည်။အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပိုဒ် ၂၂ (က) တွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကို အခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များ ပါဝင်ကြရမည်ဟု ရေးသားထားသည်။၂၂ (ခ) တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပညာရှင် အစုတို့၏ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် သက်ဆိုင် ရာကဏ္ဍအလိုက် သင့်တော်သလို ပါဝင်စေရေးကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တွင် ဆွေးနွေး သတ်မှတ်ရမည်ဟု ရေးသားထားပြီး (ဂ) တွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ် အချိုးအစားကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင် ဆွေးနွေးရာတွင် ညှိနှိုင်းဆွေးနွေးမည်” ဟု ရေးသားထားသည်။ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး ကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တွင် ပါရှိရမည့် အခြေခံအချက် ၁၀ ချက် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ အချက် ၁၀ ချက်မှာ နိဒါန်း၊ ရည်ရွယ်ချက်၊ အခြေခံမူများ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်စုဖွဲ့မှု၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများကို စီမံခန့်ခွဲခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆို အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များနှင့် အထွေထွေ စသည့်တို့ဖြစ်ကြောင်း သိရသည်။အစိုးရ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Myanmar Peace Center မှ ဦးအောင်နိုင်ဦးက “နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ ဘာရှိလဲဆိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာ ရှိပါတယ်။ သူ့မှာ ဦးရေ ဘယ်လောက် ပါသင့်သလဲ ငါးရာလား တစ်ထောင်လား စသဖြင့် ဘယ်လောက်ပါသင့်သလဲဆိုတာ ဆွေးနွေးကြပါတယ်။ ဘာမှ ဆုံးဖြတ်ချက် မယူပါဘူး။ နောက်ပြီး ဆွေးနွေးရမယ့် အကြောင်းအရာ ဘယ်လို အကြောင်းအရာတွေကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးသင့်သလဲပေါ့။ ဒါတွေလည်း ဆွေးနွေးကြပါတယ်။ နောက်တစ်ခုက ဆုံးဖြတ်ချက် ဘယ်လို ရယူမလဲပေါ့” ဟု ပြောကြားသည်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲနိုင်ရေး ဆွေးနွေးနေမှုနှင့် ပတ်သက်၍ “ဒါက နိုင်ငံရေး ဆွေးနွေးပွဲရဲ့ တကယ့် ခြေလှမ်းအစလေးသာ ဖြစ်တယ်” ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ် ၁၆ ဦးစီ ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းထားပြီးဖြစ်ရာ ယင်းကော်မတီဝင်များ အနက်မှ အစုအဖွဲ့ တစ်ခုလျှင် ရှစ်ဦးစီ စုစုပေါင်း ၂၄ ဦးဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် မူကြမ်းရေးဆွဲရေး ကော်မတီကို နိုဝင်ဘာ ၂၄ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲရာ၌ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ရမည့် ကိုယ်စားလှယ် အချိုးအစားကို အဓိက ညှိနှိုင်းရမည်ဟု ဆို















