ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အဝေးသင်တက္ကသိုလ် သိပ္ပံအထူးပြုသင်တန်းများ၏ စာမေးပွဲအောင်စာရင်းများ ဒီဇင်ဘာတွင် ထုတ်ပြန်မည်

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အဝေးသင်တက္ကသိုလ် သိပ္ပံအထူးပြုသင်တန်းများ၏ စာမေးပွဲအောင်စာရင်းများ ဒီဇင်ဘာတွင် ထုတ်ပြန်မည်
Published 28 November 2015
အေးပပ

အဝေးသင် သိပ္ပံအထူးပြုသင်တန်းများ၏ စာမေးပွဲအောင်စာရင်းများ ဒီဇင်ဘာအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရသည်။ အဝေးသင်တက္ကသိုလ် သိပ္ပံအထူးပြု သင်တန်းများ၏ စာမေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ တက္ကသိုလ်များရှိ သက်ဆိုင်ရာဌာနခွဲအလိုက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ “ပထမအသုတ် အဝေးသင် သိပ္ပံအထူးပြုသင်တန်းတွေရဲ့ စာမေးပွဲတွေက အောက်တိုဘာထဲမှာ စစ်ခဲ့တာဆိုတော့ အောင်စာရင်းတွေကို ဒီဇင်ဘာအတွင်းမှာ ထုတ်ပြန်ပေးသွားမှာပါ။ ပြန်ကုစား စာမေးပွဲတွေကလည်း မရှေးမနှောင်းဘဲ ပြန်စစ်ပေးရတာပါ။ အလားတူပဲ ဒုတိယအသုတ်စာမေးပွဲ၊ တတိယအသုတ် စာမေးပွဲတွေရဲ့ အောင်စာရင်းတွေကိုလည်း ဒီဇင်ဘာအတွင်းပဲ ထုတ်ပြန်ပေးသွားမှာပါ”ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ဒုတိယအသုတ် စာမေးပွဲစစ်ဆေးခဲ့သည့် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာစိတ်ပညာ၊ ဥပဒေပညာ စသည့်အထူးပြုသင်တန်းများအတွက် အနီး ကပ်သင်တန်းများကို အောက်တိုဘာ ၁၃ ရက် မှ အောက်တိုဘာ ၂၂ ရက်အထိ သင်ကြားပို့ချ ပေးခဲ့ပြီး အဆိုပါဘာသာရပ်များအတွက် စာမေးပွဲများကို အောက်တိုဘာ ၂၆ရက်မှ နိုဝင်ဘာ ၂ရက်အထိ လည်းကောင်း၊ အဝေးသင်တက္ကသိုလ် တတိယအသုတ် ဝိဇ္ဇာဘာသာရပ် သင်တန်းများဖြစ်သည့် မြန်မာစာ၊ မြန်မာမှုပညာ၊ ရသစာပေ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား စသည့်ဘာသာရပ်များအတွက် အဝေးသင် တက္ကသိုလ်တတိယအသုတ် ကျောင်းသား၊ ကျောင်းသူများ၏ အနီးကပ်သင်တန်းပို့ချမည့် ရက်များကို ယခင်ကကြေညာထားသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၉ ရက်အစား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲကျင်းပမည့်ရက်ကိုလည်း ယခင်က ကြေညာထားသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် အစား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်သို့  ပြင်ဆင် သတ်မှတ်ခဲ့သည်။ အဆိုပါစာမေးပွဲများ၏ အောင်စာရင်းများကိုလည်း ဒီဇင်ဘာအတွင်း အသီးသီး ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အဝေးသင်တက္ကသိုလ် ဌာနခွဲများကို ဖွင့်လှစ်ထားရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း ၄၀၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ 

Most Read

Most Recent