မန်ယူနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဒီတစ်ပတ်မှာ အစဉ်အလာအရ အသာစီးရလေ့ရှိတဲ့ အသင်းတွေနဲ့ ဆုံတွေ့နေပါတယ်။ မန်ယူက ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲ တွေ့ဆုံမှုမှာ ၁၀ ပွဲအထိ အနိုင်ရခဲ့တဲ့ လက်စတာအသင်းနဲ့ ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးကလည်း ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲသာ ရှုံးခဲ့တဲ့ စပါးအသင်းနဲ့ ကစားရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ မန်ယူနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လက်စတာနဲ့ စပါးကွင်းတွေမှာ တိုက်တိုက်ဆိုင်ဆိုင် ၅-၃ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးပွဲကိုယ်စီတွေ့ခဲ့ပါတယ်။ မန်ယူနဲ့ ချယ်လ်ဆီးတို့က အသင်းကြီးတွေဆိုပေမယ့် လက်ရှိ ရပ်တည်မှုအရတော့ နှစ်သင်းစလုံး ပြိုင်ဘက်တွေရဲ့ အောက်အသင်းတွေ ဖြစ်နေပါတယ်။ စိတ်ဝင်စားစရာ ဒီနှစ်ပွဲမှာ ဘယ်အသင်းတွေ အောင်ပွဲခံသွားမလဲဆိုတာ . . . ။
■ဘုန်းမောက် နှင့် အဲဗာတန်
(၂၈-၁၁-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု > မရှိ
ဘုန်းမောက်က ခံစစ်ပိုင်း လုံခြုံမှုမရှိတာကြောင့် နိုင်နေရင်တောင် စိတ်မချရတဲ့ အသင်းပါ။ ဒီရာသီမှာ အနိုင်ရနေရာက အမှတ်ဆုံးရှုံးမှု အများဆုံးအသင်းဖြစ်နေပြီး ကိုးမှတ်အထိ ဆုံးရှုံးခဲ့ပါတယ်။ အဲဗာတန်ကတော့ ဒယ်လိုဖူ၊ လူကာကူ၊ ဘာကလေတို့ ခြေစွမ်းပြမှုနဲ့ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေပါတယ်။ အဲဗာတန် အနိုင်ပါ။
■ ခရစ္စတယ်ပဲလေ့စ် နှင့် နယူးကာဆယ်
(၂၈-၁၁-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > ပဲလေ့စ် ၁-၁ နယူးကာဆယ်
ပဲလေ့စ်က အသင်းကြီးတွေကို ခံကန်နိုင်ပေမယ့် ခြေရည်တူအသင်းတွေနဲ့တွေ့ရင် ရုန်းကန်ရတတ်တယ်။ နယူးကာဆယ်ကလည်း အစဉ်အလာအရ ပဲလေ့စ် အသာမရတဲ့အသင်း ဖြစ်နေပါတယ်။ နှစ်သင်းတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ နယူးကာဆယ် ရှုံးပွဲမရှိခဲ့ဘဲ ရှစ်ပွဲအထိ အနိုင်ရခဲ့ပါတယ်။ နယူးကာဆယ်ကိုပဲ ရွေးထားချင်တယ်။
■ မန်စီးတီး နှင့် ဆောက်သမ်တန်
(၂၈-၁၁-၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > မန်စီးတီး ၂-၀ ဆောက်သမ်တန်
ဆောက်သမ်တန် တိုက်စစ်မှာ ပယ်လေ မပါနိုင်တာကြောင့် မန်စီးတီးနဲ့ ယှဉ်ကစားဖို့ အတော်လေး ခက်သွားပါတယ်။ အစဉ်အလာအရလည်း ပရီးမီးယားလိဂ်နောက်ဆုံး ရှစ်ပွဲတွေ့ဆုံမှုမှာ တစ်ပွဲပဲနိုင်ပြီး ငါးပွဲအထိ ရှုံးခဲ့တယ်။ မန်စီးတီးကတော့ အဂွဲရိုးကြောင့် တိုက်စစ် ထက်မြက်လာဖို့ရှိပါတယ်။
မန်စီးတီး အနိုင်သေချာပါတယ်။
■ ဆန်းဒါးလန်း နှင့် စတုတ်စီးတီး
(၂၈-၁၁-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် > ဆန်းဒါးလန်း ၃-၁ စတုတ်စီးတီး
စတုတ်စီးတီးခံစစ်ပိုင်းက အရမ်းကောင်းနေပါတယ်။ နောက်ဆုံး ခြောက်ပွဲမှာ ငါးပွဲအထိ Clean Sheet ရခဲ့တယ်။ ဆန်းဒါးလန်းကတော့ ဂိုးရဖို့ရုန်းကန်နေရပြီး ခံစစ်ပိုင်းလည်း စိတ်မချရဘူး။ ဒါပေမဲ့ အစဉ်အလာပိုင်းမှာတော့ ဆန်းဒါးလန်းသာပြီး နောက်ဆုံးရှစ်ပွဲ တွေ့ဆုံမှုမှာ ရှုံးပွဲတစ်ပွဲပဲ ရှိခဲ့တယ်။ သရေဆိုရင် နှစ်သင်းစလုံးအတွက် မျှပါတယ်။
■ အက်စတွန်ဗီလာ နှင့် ဝက်ဖို့ဒ်
(၂၈-၁၁-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု > ဗီလာ ၂-၀ ဝက်ဖို့ဒ်
ဗီလာက နည်းပြသစ်လက်ထက်မှာ ဂိုးပေါက် ရှာမတွေ့သေးပါဘူး။ မန်စီးတီးကို ဂိုး မရှိ သရေကစားနိုင်ခဲ့ပေမယ့် အဲဗာတန်ကို ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ လက်စတာ၊ မန်ယူတို့လို ထိပ်ပိုင်းကအသင်းတွေကို ရှုံးခဲ့ပေမယ့် ခြေစွမ်းမညံ့ခဲ့ဘူး။ ဝက်ဖို့ဒ်ရဲ့ အဝေးကွင်းခြေကလည်း ကျေနပ်လောက်စရာ ရှိပါတယ်။ ဝက်ဖို့ဒ် မရှုံးနိုင်ပါဘူး။
■ လက်စတာ နှင့် မန်ယူ
(၂၈-၁၁-၁၅ စနေ ည ၁၂း၀၀)
ယမန်နှစ်ရလဒ်> လက်စတာ ၅-၃ မန်ယူ
အသင်းငယ်နဲ့ အသင်းကြီးဖြစ်ပေမယ့် လက်ရှိအနေအထားက ပြောင်းပြန်ဖြစ်နေပါတယ်။ လက်စတာတိုက်စစ်နဲ့ မန်ယူခံစစ် အားပြိုင်ရမှာပါ။ ဗာဒီဂိုးမြူးနေတဲ့ လက်စတာတိုက်စစ်ကို ပရီးမီးယားလိဂ်နောက်ဆုံး ငါးပွဲမှာ လေးပွဲ Clean Sheet ရခဲ့တဲ့ မန်ယူခံစစ် ထိန်းနိုင်မလားကြည့်ရမယ်။ မန်ယူ သရေလောက်ပဲ ရမယ်ထင်တယ်။
■ စပါး နှင့် ချယ်လ်ဆီး
(၂၉-၁၁-၁၅ တနင်္ဂနွေ ည ၆း၃၀)
ယမန်နှစ်ရလဒ် > စပါး ၅-၃ ချယ်လ်ဆီး
စပါးက အိမ်ရှင်ဖြစ်သလို၊ လက်ရှိခြေစွမ်းအရလည်း အပေါ်အသင်း ဖြစ်နေပါတယ်။ ချယ်လ်ဆီးကတော့ ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံး ခုနစ်ပွဲမှာ ငါးပွဲအထိရှုံးပြီး တစ်ပွဲသာ အနိုင်ရခဲ့တယ်။ တယ်ရီ ဒဏ်ရာရနေတာ၊ ဒီယေဂိုကော်စတာနဲ့ မော်ရင်ဟို အဖုအထစ်တွေရှိနေတာတွေက ချယ်လ်ဆီးကို အားလျော့စေပါတယ်။ စပါးပဲကြိုက်တယ်။
■ ဝက်စ်ဟမ်း နှင့် ဝက်စ်ဘရွန်း
(၂၉-၁၁-၁၅ တနင်္ဂနွေ ည ၈း၃၅)
ယမန်နှစ်ရလဒ် > ဝက်စ်ဟမ်း ၁-၁ ဝက်စ်ဘရွန်း
ပါယက် ဒဏ်ရာရသွားတဲ့ ဝက်စ်ဟမ်း သိသိသာသာ ထိုးကျသွားပါတယ်။ ဝက်စ်ဘရွန်းကတော့ အာဆင်နယ်ကို အနိုင်ရပြီး ယုံကြည်မှုပြည့်ဝနေပါတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းရဲ့ အဝေးကွင်းခြေက စိတ်ချလို့မရပါဘူး။ ဒီနှစ်သင်း ပရီးမီးယားလိဂ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့ နောက်ဆုံးကိုးပွဲမှာ သရေခြောက်ပွဲအထိ ရှိခဲ့တယ်။ ဒီပွဲလည်း သရေပွဲပါပဲ။
■ နောဝစ်ချ် နှင့် အာဆင်နယ်
(တနင်္ဂနွေ ည ၁၀း၄၅)
နောက်ဆုံးတွေ့ဆုံမှု > နောဝစ်ချ် ဝ-၂ အာဆင်နယ်
နောဝစ်ချ်က ချယ်လ်ဆီးကို ရှုံးခဲ့ပေမယ့် တုံ့ပြန်ကစားပုံ မဆိုးဘူး။ အာဆင်နယ်က နှစ်ပွဲဆက်နိုင်ပွဲပျောက်ထားသလို၊ ချန်ပီယံလိဂ် ကစားခဲ့ရလို့လည်း ပွဲပန်းနိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၃ ပွဲမှာ နောဝစ်ချ် တစ်ပွဲသာနိုင်ပေမယ့် သရေပွဲ ငါးပွဲ ရှိခဲ့တယ်။ အာဆင်နယ်နိုင်ခြေ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိပြီး သရေလည်း ကျနိုင်တယ်။
လီဗာပူးလ် နှင့် ဆွမ်ဆီး
(၂၉-၁၁-၁၅ တနင်္ဂနွေ ည ၁၀း၄၅)
ယမန်နှစ်ရလဒ် > လီဗာပူးလ် ၄-၁ ဆွမ်ဆီး
ယူရိုပါလိဂ်မှာ ကော်တင်ဟိုကို တမင်ချန်ခဲ့ပုံရပြီး ဒီပွဲမှာ ပြန်ပါလာနိုင်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှာလည်း လူပြန်စုံလာဖို့ရှိတာကြောင့် ပုံမှန်ဂိုးသွင်းခြေမရှိတဲ့ ဆွမ်ဆီးခံစစ်ပိုင်းသာ ပုံစံကောင်းမရရင် လွယ်လွယ်နဲ့ ရှုံးသွားနိုင်ပါတယ်။ နောက်ဆုံး ခုနစ်ပွဲတွေ့ ဆုံမှုမှာ ရှုံးပွဲမရှိခဲ့ဘဲ ငါးပွဲအထိနိုင်ခဲ့တဲ့ လီဗာပူးလ် အနိုင်သေချာပါတယ်။
မန်ယူ၊ ချယ်လ်ဆီးတို့ အစဉ်အလာကောင်းပေမယ့် ခြေပိုစွာနေတဲ့ လက်စတာ၊ စပါးတို့ကွင်းမှာ ကစားရမယ့် ရက်သတ္တပတ်