ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအား ဝန်းရံကြရန် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပါတီများကို KNPP တိုက်တွန်း

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအား ဝန်းရံကြရန် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပါတီများကို KNPP တိုက်တွန်း
Published 26 November 2015
မခိုင် (လွိုင်ကော်)

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအား ဝန်းရံကြရန် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပါတီများအား ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။KNPP ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတွင် ပြည်နယ်တွင်း တိုင်းရင်းသားပါတီများဖြစ်သော ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီ မိုကရေစီပါတီ (ကယားပြည်)၊ ကယန်းအမျိုးသား ပါတီတို့မှ ကော်မတီဝင်များအား နိုဝင်ဘာ ၂၄ ရက်တွင် ဖိတ်ခေါ်၍ တွေ့ဆုံ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ယောက်မှ ပါမလာကြဘူးလေ။ KNPP အနေနဲ့ စိတ်မကောင်းဘူးပေါ့။ သူတို့ကိုလည်း အကြံပြု လမ်းညွှန်နိုင်အောင် ဆိုပြီးတော့မှ အခြေအနေကို ဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာ ခေါ်တွေ့ပြီးမှ မေးမြန်းကြည့်တာပေါ့နော်။ မေးမြန်းကြည့်တော့ သူတို့ မညီညွတ်ခဲ့တာလည်း ပါတယ်ပေါ့။ ဒေသတွင်းမှာ ပါတီကလည်း သုံးခု ကွဲနေတယ်။ ပါတီကြီးတွေက တစ်ခု နှစ်ခုပေါ့ ရှိနေတော့ လူထုတွေကလည်း ကျွန်တော်တို့ ပြည်နယ်မှာ အုပ်ချုပ်မယ့် သူတွေက မညီညွတ်ဘူးဆိုတော့ လူထုတွေက ေ၀ဝါးသွားတာပေါ့။ မဲထည့်ဖို့က ဘယ်သူ့ကို ထည့်ရမယ်ဆိုတာ စဉ်းစားရ ခက်တော့ အဲဒီချိန်မှာ NLD က ပြောင်းလဲချိန် တန်ပြီဆိုတဲ့ အဲဒီလိုဂိုနဲ့ စည်းရုံးရေးဆင်းတဲ့ အခါကျတော့ NLD ကို ပိုထည့်ကြတာပေါ့။ အဲဒါကိုလည်း သူတို့ သိပါတယ်။ နောင်လာမယ့် နှစ်တွေမှာ သူတို့က သုံးပါတီ ပူးပေါင်းနိုင်ဖို့ လူမျိုးရေး ဦးစားပေး ပါတီထက် ပြည်နယ်ကိုယ်စားပြု ပြည်နယ်အဆင့်ရှိတဲ့ ပါတီတစ်ခု ဖြစ်မြောက်အောင် သူတို့ကို ဒုဥက္ကဋ္ဌက တိုက်တွန်းပါတယ်။ အနိုင်ရတဲ့ NLD ကလည်း ဒေသက လူတွေပါပဲ။ သူတို့ တတ်နိုင်သလောက် ကြိုးစားမှာပါပဲ။ အတွေ့အကြုံကတော့ မရှိသေးတော့ အားနည်းချက်လေးတွေ ရှိမှာပဲ။ ဒီတော့ ကျွန်တော်တို့ ဝန်းရံတဲ့အခါ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ အဲဒီလိုမျိုးတော့ ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ မသိမသာ ထောက်ခံအားပေးမှုပြုလို့ ရတယ်လို့ ပြောပါတယ်” ဟု KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောကြားသည်။“အခုထိတော့ သူတို့ဘက်က ဘာမှ တရားဝင် ကမ်းလှမ်းတာမျိုး မရှိသေးဘူး။ NLD ဘက်က လိုလိုလားလား ပူးပေါင်းဆောင်ရွက်ချင်စိတ်ကော ရှိရဲ့လားဆိုတာ သိချင်တယ်။ KNPP ကတော့ ပြည်နယ် တိုးတက်ဖို့အတွက် ဝန်းရံစေချင်တဲ့သဘော ခေါ်တွေ့ဆုံတာ ဖြစ်တယ်” ဟု လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်) ဥက္ကဋ္ဌ ခူးဖိုးရယ်က ပြောကြားသည်။ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်နယ်တွင်းရှိ တိုင်းရင်းသား ပါတီများမှ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နေရာအားလုံး ရှုံးနိမ့်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်ကာလများတွင်လည်း ငွေကြေး အခက်အခဲများကြောင့် စည်းရုံးရေး အားနည်းခဲ့ကြောင်း သိရသည်။ကယားပြည်နယ်တွင် လွှတ်တော်သုံးရပ်ရှိ ၃၄ နေရာအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၆ နေရာရရှိပြီး ၇၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြု ထုတ်ပြန်ချက်အရ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး ကြေညာပြီးဖြစ်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခုနစ်နေရာနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်မှ တစ်နေရာ ရရှိခဲ့သည်။ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သည့် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) ပါဝင်သော ဘောလခဲမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လွှတ်တော်သုံးရပ် စလုံးတွင် ရှုံးနိမ့်ခဲ့သည်။ထိုသို့ ဘောလခဲမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရှုံးနိမ့်ရခြင်းမှာ ကြိုတင်မဲများတွင် မဲမရခဲ့ခြင်းက အဓိက အကြောင်းရင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent