နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရာတွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး ကြိုးစားမည်ဟု ဆို

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရာတွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး ကြိုးစားမည်ဟု ဆို
Published 26 November 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိနေ၍ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရာတွင် ၎င်းတို့ ပါဝင်ခွင့်အတွက် ပြုလွယ်ပြင်လွယ်ဖြစ်အောင် ကြိုးစားရမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးစိုင်းကျော်ညွန့် က ပြောကြားသည်။ 
 
နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ် ၁၆ ဦးစီ ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သုံးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးစိုင်းကျော်ညွန့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အစည်းအဝေးတွင် တစ်ဖွဲ့လျှင် ရှစ်ဦးစီပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ထပ်မံတွေ့ဆုံရာ၌ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မူကြမ်းတစ်ခုကို စတင်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဦးစိုင်းကျော်ညွန့်က “ဒီမူဘောင်က အချိန်ကာလလည်း တိုတောင်းတဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ လုပ်နိုင်မလဲပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကို ဝန်ကြီးတွေ ပြောသွားတဲ့ ပုံစံအရဆိုရင် ဒါက နောင်တက်လာမယ့် အစိုးရအတွက်လည်း ပြုလွယ်ပြင်လွယ်ဖြစ်အောင် ဒါမှမဟုတ် ဘယ်လိုလုပ်မယ်ဆိုတဲ့ အဖြေကိုလည်း လက်ရှိလုပ်သွားတဲ့ အဖွဲ့အစည်းတွေက စုစည်းပြီးတော့ ဘယ်လိုအဖြေထုတ်နိုင်မလဲ။ အဲဒါကို အားလုံးဝိုင်းဝန်းပြီးတော့ စဉ်းစားကြမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမှာလည်း အပြောင်းအလဲဖြစ်သွားပါမယ်။ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အခြမ်းမှာလည်း လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့ရှိတယ်။ လက်မှတ်ထိုးခွင့် မရသေးတဲ့အဖွဲ့တွေလည်း အများကြီးရှိသေးတယ်။ သူတို့ နောင်တစ်ချိန် ပါဝင်လာတဲ့အချိန်ကျရင် အခုကျွန်တော်တို့ ရေးဆွဲလိုက်တဲ့ မူဘောင်က သူတို့ ပါဝင်နိုင်ခွင့်မရှိအောင် လုပ်ခဲ့မိတယ်ဆိုရင် ကျွန်တော်တို့မှာ ပါဝင်နေတဲ့သူတွေရဲ့အပြစ် ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ကနေပြီး တော့ မူဘောင်ရေးဆွဲရေးမှာ ပါဝင်မယ့်သူတွေက အတတ်နိုင်ဆုံး နောင်လာမယ့် အခင်းအကျင်းအတွက် အကုန်လုံး ပြုလွယ် ပြင်လွယ်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဒီဖြေရှင်းချက် ကြိုးစားချက်ကို ကျွန်တော်တို့အားလုံး အားသွန်ခွန်စိုက် လုပ်သွားပါ့မယ်” ဟု ပြောကြားသည်။
 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရတို့သည် NCA လက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့ရာ နိုင်ငံရေးဆွေးဆွေးပွဲ မူဘောင်ကို  ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မတိုင်ခင် ဆွေးနွေးရမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်ထက် နောက်မကျဘဲ စတင်ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
 
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မူဘောင်ကို အချိန်မီရေးဆွဲနိုင်ဖို့ဆိုရင် မူဘောင်ရဲ့ အခြေခံတွေကို ဦးစားပေး ဆောင်ရွက်ရပါမယ်။ ဒါတွေကတော့ ၁။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်မယ့် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂။ ပါဝင်သူများရဲ့ အချိုးအစား ၃။ ဆွေးနွေးမယ့် Agenda များနှင့် ၄။ ဆွေးနွေးရေး စည်းမျဉ်းစည်းကမ်းများ ၅။ ဆုံးဖြတ်ချက်ချရမယ့် စည်းကမ်း၊ နည်းလမ်းများပဲ ဖြစ်ပါတယ်။ ဒါတွေရရင် စလို့ရပါပြီ။ ပထမအကြိမ် နိုင်ငံရေးဆွေးနွေးပွဲကို စပြီးရင် ဘာတွေလိုတယ်ဆိုတာ ပိုသိလာလိမ့်မယ်။ ဒါမှ နောင်အစိုးရလက်ထက်မှာ ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပိုပြီးပြည့်စုံအောင် လုပ်နိုင်မယ်၊ ပြင်နိုင်မယ်ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာနှင့် ပတ်သက်ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများဘက်က ကြို တင်ပြင်ဆင်မှုများ ရှိထားပြီးဖြစ်၍ သတ်မှတ်ထားသည့်အတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ 
အတွင်း ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
 
ဦးခွန်မြင့်ထွန်းက “အခုတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီးတော့ တာဝန်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မူကြမ်းရေးဆွဲရေးကော်မတီကနေ ဒီမူဘောင်ကို ရေးဆွဲမယ်။ ရေးဆွဲပြီးတဲ့အခါကျလို့ရှိရင် သတ်မှတ်ရက်အတွင်း အတည်ပြုပြီးတော့ ဆက်လက်ပြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။
 
လက်မှတ် မရေးထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရာတွင် အထူးဖိတ်ကြားသူအနေဖြင့် တက်ရောက်နိုင်ရေး ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent