လာမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အတွက် ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံခဲ့ရပြီး လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပါတီ ၁၈ ခုမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေ

လာမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အတွက် ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံခဲ့ရပြီး လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပါတီ ၁၈ ခုမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေ
Published 25 November 2015
ငြိမ်းကို

၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွက် ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံခဲ့ရပြီး လက်ရှိကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် ပါတီ ၁၈ ခုမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သတင်းရရှိသည်။၂၀၁၅ ရွေးကောက်ပွဲတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်မည့် ပြည်သူ့လွှတ်တော်အတွက် ပါတီ ၁၁ ခုမှ ကိုယ်စားလှယ်လောင်း ၃၂၂ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး ရွေး ချယ်ခံခဲ့ရပြီး အမျိုးသားလွှတ်တော်အတွက် ပါတီကိုးခုမှ ကိုယ်စားလှယ်လောင်း ၁၆၆ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနှစ်ဦး ရွေးချယ်ခံခဲ့ရသည်။ လွှတ်တော်နှစ်ရပ်ပေါင်းမည့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုးဝ် အမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ လီဆူး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ ဝဒီမိုကရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံခဲ့ရသည်။ ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သည့် ပါတီအရေအတွက် လျော့နည်းသွားခြင်းနှင့် ပတ်သက်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ ၌ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင် ရခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်က ပါတီလျော့နည်းသွားခြင်းနှင့် လွှတ်တော်နေရာအများစုတွင် NLD ပါတီအနိုင်ရခြင်းကြောင့် ပြည်သူလူထုနှင့် တိုင်းပြည်အတွက် အဆိုပြုမှုများ ပိုမိုအောင်မြင်မည်ဟု သုံးသပ်ပြောကြားသည်။၏ “အဓိကကတော့ တိုင်းပြည်အတွက် လွှတ်တော်ထဲမှာ အင်နဲ့အားနဲ့ NLD ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ များတဲ့အတွက်ကြောင့်  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ခုပေါင်း ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူအတွက်၊ တိုင်းပြည်အတွက်အဆိုတွေ ပြုတဲ့နေရာမှာလည်း အောင်မြင်မှုတွေ ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။  ပါတီတွေများတဲ့အခါကျတော့ သဘောထားမတူတဲ့အတွက်ကြောင့် ကွဲပြားမှုတွေ ရှိနိုင်တယ်။ နောက်ဆုံးတော့ NLD က အပြတ်အသတ်နိုင်တယ်။ လွှတ်တော်မှာ အဆိုပြုတဲ့အခါမှာ အဆိုတွေက ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မယ့် သဘောရှိတယ်လို့ ပြောချင်ပါတယ်”ဟု ဦးအေးသာအောင်က ပြောကြားသည်။NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅ နေရာ စုစုပေါင်း နေရာ ၃၉၀ အထိအနိုင်ရခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင်လည်း ၄၉၆ နေရာ အနိုင်ရခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီ ၉၂ ခု နှင့် တစ်သီးပုဂ္ဂလတို့မှ  လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၆၀၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၆၃၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

Most Read

Most Recent