ဆက်သွယ်ရေးဥပဒေ၊ အသရေဖျက်မှုတို့ဖြင့် ဖမ်းဆီးခံထားရသော မချောစန္ဒီထွန်း၏ အမှုတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဆက်မစစ်ဘဲ လွှတ်ပေးရန် လျှောက်ထားသော်လည်း ပလပ်ခံရသည့်အပြင် ဒုတိယအကြိမ် အာမခံလျှောက်ထားမှုပါ ပယ်ချခံရ

ဆက်သွယ်ရေးဥပဒေ၊ အသရေဖျက်မှုတို့ဖြင့် ဖမ်းဆီးခံထားရသော မချောစန္ဒီထွန်း၏ အမှုတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဆက်မစစ်ဘဲ လွှတ်ပေးရန် လျှောက်ထားသော်လည်း ပလပ်ခံရသည့်အပြင် ဒုတိယအကြိမ် အာမခံလျှောက်ထားမှုပါ ပယ်ချခံရ
Published 25 November 2015
သက်မင်း

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နှင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့ဖြင့် ဖမ်းဆီးခံထားရသော မချောစန္ဒီထွန်း၏ အမှုတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃ ပုဒ်မခွဲ (၂) အရ တရားစွဲဆိုခံရသူအား ဆက်မစစ်ဘဲ လွှတ်ပေးရန် လျှောက်ထားသော်လည်း မအူပင်မြို့နယ်  တရားရုံးက ပလပ်ခဲ့သည့်အပြင် ဒုတိယအကြိမ် အာမခံလျှောက်ထားမှုကိုပါ ထပ်မံပယ်ချခဲ့ကြောင်း မချောစန္ဒီထွန်း၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်  ဝတ်ဆင်သော ထမီအရောင်နှင့် အသစ်ပြောင်းလဲလိုက်သော တပ်မတော်ယူနီဖောင်းအရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြသည့်အတွက်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆  (ဃ) အပြင် တပ်မတော်၏ ဂုဏ်သရေကို ညှိုး နွမ်းစေသည်ဟုဆိုကာ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့်ပါ တရားစွဲ အချုပ်ကျခံနေရသော မချောစန္ဒီထွန်းကို မအူပင်မြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၂၄ ရက်က ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
 
ယင်းရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးဖြစ်သူ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ဌာနမှ ဒုရဲမှူးအောင်ကျော်ဆန်းက ရုံးတော်တွင် လာရောက်ထွက်ဆိုခဲ့ပြီး မချောစန္ဒီထွန်း၏ လက်ကိုင်ဖုန်းနှစ်လုံးဖြစ်သော ဟွာဝေးဖုန်းနှင့် ဆမ်ဆောင်းဖုန်းတို့တွင် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ ဓာတ်ပုံများကို မလျော်ကန်အောင်ပြုလုပ်ထားခြင်း၊ ဓာတ်ပုံကို ပြုပြင်နိုင်သော APP များ ဖုန်းထဲတွင်ရှိခြင်း စသည့်အကြောင်းအရာများကို ထွက်ဆိုသွားခဲ့သည်။
 
ထိုသို့ တရားလိုပြသက်သေအား နှစ်ဘက်အပြန်အလှန် စစ်မေးပြီးသည့်နောက်တွင် မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင် တင်ပြထားသော ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃ ပုဒ်မခွဲ(၂)အရ နစ်နာသူကသာ တရားစွဲဆိုခွင့်ရှိသောကြောင့် ယင်းပုဒ်မအရ ဆက်လက်စစ်ဆေး မေးမြန်းမှုမပြုလုပ်ဘဲ တရားရှင်လွှတ်ပေးရန် လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အတွက် အာမခံလျှောက်ထားမှုကိုပါ ထပ်မံပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ထင်ရဲ့ ထွက်ချက်အရ ကိုယ်စားပြုတရားစွဲဆိုမှုဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၈ နဲ့ အကျုံးဝင်သွားလို့ ဆက်မစစ်ဘဲ တရားရှင်လွှတ်ပေးပါ။ ကိုယ်စားပြုစွဲမရဘူးလို့ ကျွန်တော်ကပြောတယ်။ ရုံးအမြင်ကတော့ ကျွန်တော်စွဲလို့ ရတယ်ဆိုပြီး လျှောက်ထားချက်ကို ပလပ်တယ်။ အာမခံကိုလည်း ပယ်တယ်။ နောက်ပြီးတော့ အမှုက နှစ်မှု အကြောင်းအရာက ကျွန်တော်တစ်ခုတည်း ဖြစ်နေတယ်” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
 
ထို့ပြင် တရားစွဲ ချုပ်နှောင်ခံထားရသူ မချောစန္ဒီထွန်းကလည်း  “တရားဥပဒေဟာ ဖိချင်တဲ့သူကို ဖိလို့ရသလို ဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကိုကျတော့ အာမခံပေးတယ်။ ကျွန်မကိုကျတော့ ပြည်ခိုင်ဖြိုး မဟုတ်တဲ့အတွက် အာမခံမပေးဘူး။ အားလုံးလည်း သိတဲ့အတိုင်းပဲ။ ပထမတုန်းက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မနဲ့ တစ်ခါစွဲတယ်။ နောက် ဆက်သွယ်ရေးဥပဒေနဲ့ တစ်ခါစွဲတယ်။ ပုဒ်မ ၅၀၀ နဲ့ တစ်ခါစွဲတယ်။ ဒီပုံတစ်ပုံတည်းကိုပဲ ထပ်ကာထပ်ကာ တရားစွဲနေတာဟာ လုံးဝတရားမမျှတပါဘူး။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုထဲက နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရေးသားခွင့်ရှိတယ်ဆိုပေမယ့် တကယ်တော့ မလွတ်လပ်ပါဘူး”ဟု ရုံးထုတ်စဉ်တွင် မီဒီယာများသို့ ပြောကြားသည်။
 
မချောစန္ဒီထွန်း၏ လာမည့်ရုံးချိန်းကို နိုဝင်ဘာ ၃၀ ရက်သို့ ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများကို နှစ်ဖက်အပြန်အလှန် မေးမြန်းစစ်ဆေးသွားမည်ဟု သိရသည်။
 
အသက် ၂၅ နှစ်အရွယ်ရှိ မချောစန္ဒီထွန်းကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ဗဟန်းမြို့နယ်ရှိ တရားစခန်းတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ညတွင်းချင်းပင် မအူပင်ရဲစခန်းသို့ ပို့ဆောင်ပြီး အောက်တိုဘာ ၁၃ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
 
လက်ရှိအချိန်တွင် မအူပင်အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည့် မချောစန္ဒီထွန်းသည် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသော ဒီမိုကရေစီပညာရေးသပိတ် ဧရာဝတီသပိတ်စစ်ကြောင်းတွင် ဝန်းရံပါဝင်ခဲ့ပြီး ရေဘေးဒုက္ခသည်များအရေးတွင်လည်း ပါဝင်ကူညီမှုများရှိခဲ့ကာ Facebook ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသည့်ပို့စ်များ ရေးသားလေ့ရှိသူဖြစ်ကြောင်း ၎င်း၏လုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။       
 
 

Most Read

Most Recent