ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေခြင်းနှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်များတွင် ပုဂ္ဂလိကများအနေဖြင့် ထုတ်လွှင့်ခွင့်မရဘဲ နီးစပ်ရာကိုသာ လုပ်ပိုင်ခွင့်ပေး ခြင်းသည် အမှန်ပြုပြင် ပြောင်းလဲသည်ဟု မဆိုနိုင်ကြောင်း NLD လွှတ

ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေခြင်းနှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်များတွင် ပုဂ္ဂလိကများအနေဖြင့် ထုတ်လွှင့်ခွင့်မရဘဲ နီးစပ်ရာကိုသာ လုပ်ပိုင်ခွင့်ပေး ခြင်းသည် အမှန်ပြုပြင် ပြောင်းလဲသည်ဟု မဆိုနိုင်ကြောင်း NLD လွှတ
Published 24 November 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေခြင်းနှင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်များတွင် ပုဂ္ဂလိကများအနေဖြင့် ထုတ်လွှင့်ခွင့်မရဘဲ နီးစပ်ရာကိုသာ လုပ်ပိုင်ခွင့်ပေး     ခြင်းသည် အမှန်ပြုပြင် ပြောင်းလဲသည်ဟု မဆိုနိုင်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်များတွင် ပုဂ္ဂလိကများအနေဖြင့် ထုတ်လွှင့်ခွင့်မရဘဲ နီးစပ်ရာကိုသာ လုပ်ပိုင်ခွင့်ပေးခြင်းသည် အမှန် ပြုပြင်ပြောင်းလဲသည်ဟု မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။
နိုဝင်ဘာလ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ်တွင် ဒေါ်ခင်စန်းလှိုင်က ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်စန်းလှိုင်က စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာအတွက် အကန့်အသတ်များကို ပယ်ဖျက်ခြင်း၊ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်နှင့် ပြည်သူများ၏ ဆန္ဒသဘောထားများအား ဥပဒေနှင့်အညီ ထုတ်ဖော်ခွင့်ပေးခြင်းတို့ကို အပြောင်းအလဲတစ်ရပ်အနေဖြင့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ သို့ရာတွင် ပြည်သူလူထု အတွင်းသို့ တိုက်ရိုက်ရောက်သည့် ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်များတွင်  ပုဂ္ဂလိကများအနေဖြင့် ထုတ်လွှင့်ခွင့် မရကြောင်း၊ နီးစပ်ရာကိုသာ လုပ်ပိုင်ခွင့် ချထားပေးခြင်းသည် အမှန်တကယ် ပြုပြင်ပြောင်းလဲမှုဖြစ်သည်ဟု မဆိုသာကြောင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် တရားစွဲဆိုမှုများတွင် တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်သည်ကို ပြသနိုင်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တရားသူကြီး များနှင့် တရားမဏ္ဍိုင်အနေဖြင့်လည်း တရားမျှတမှုကို ပြသရန် လိုအပ်ကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ဆန္ဒဖော် ထုတ်ခဲ့သည့် ကျောင်းသူ/ကျောင်းသားများ၊ ပြည်သူများအပေါ်တွင်  တရားမျှတ မှန်ကန်စွာ ကိုင်တွယ် ဖြေရှင်းပေးသင့်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို အဓိကထားသင့်ကြောင်း ဆက်လက် ဆွေးနွေးခဲ့သည်။
အပစ်အခတ် ရပ်စဲရေးကိစ္စများနှင့် ပတ်သက်၍လည်း လက်မှတ် ရေးထိုးထားသည့် အဖွဲ့ ရှစ်ဖွဲ့နှင့်သာမက ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်နေသည့်တိုက်ပွဲများအား အမြန်ဆုံး ရပ်တန့်ရန် ဝိုင်းဝန်း ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ပြုပြင် ပြောင်းလဲမှုများအဖြစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍  နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ စတုတ္ထမဏ္ဍိုင် ဖြစ်သော သတင်း မီဒီယာများအတွက် အကန့်အသတ်များကို ပယ်ဖျက်ပေးခြင်း၊ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်နှင့် ပြည်သူများ၏ သဘောထားဆန္ဒများအား ဥပဒေနှင့်အညီ ထုတ်ဖော်ခွင့်ပြုထားခြင်းများကို သိသာ ထင်ရှားသည့် ပြောင်းလဲမှုများအဖြစ် ဖော်ပြထားကြောင်း သိရသည်။
ထိုကဲ့သို့ ဖော်ပြထားမှုများသည် အစီရင်ခံစာအပိုင်း (၁) ၏ ပြုပြင်ပြောင်းလဲရေး တင်ပြချက်များသည် အစိုးရစီမံကိန်း လုပ်ငန်းများထက် အစိုးရ၏ နိုင်ငံရေး ဆိုင်ရာ လုပ်ငန်းကဏ္ဍများသာ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့တင်ပြချက်များသည် ပြည့်စုံလုံလောက်မှုမရှိဟု သုံးသပ်ရကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။
ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာဖြစ်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟု ယူဆပါက ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်အရေအတွက် အလွန်နည်းသည့် အချက်နှင့် ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး မူကိုမျက်ကွယ်ပြုနေသကဲ့သို့ ဖြစ်နေကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က “ပြုပြင်ပြောင်းလဲမှု မူဘောင်ထဲမှာ ဖော်ပြထားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုလို့ခေါ်တဲ့ မူဘောင် ပြောင်းလဲမှု ခေါင်းစဉ်များ အပေါ်ကနေပြီးတော့မှ ဖော်ပြတဲ့ ညွှန်းကိန်းများကိုသာ ဖော် ပြတာ ဖြစ်တဲ့အတွက် အဲ့ဒီညွှန်းကိန်းတွေနဲ့ သက်ဆိုင်တာကို မှတ်တမ်းအနေနဲ့ ဖော်ပြခြင်းသာဖြစ်ပါတယ်”ဟု ပြန်လည် ရှင်းလင်းခဲ့သည်။
ဒေါ်ခင်စန်းလှိုင်က “အမျိုးသား စီမံကိန်းထဲမှာကို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခန်းကို ထည့်ထားတာပါ။ အဲဒီထဲမှာပါတာကလည်း ယေဘုယျဆန်နေတယ်။ ကျွန်မတို့အနေနဲ့ ဒီထက်အများကြီး ပိုလုပ်စေချင်တယ်။ မီဒီယာ လွတ်လပ်ခွင့်ကို သူတို့အနေနဲ့ ဆောင်ရွက်နေတယ် ပြောတယ်။ အပြင်မှာကျတော့ မီဒီယာတွေက ဘာလွတ်လပ်ခွင့်မှ မရှိဘူး။ နောက်ပြီးတော့ အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ပြောတယ်။ ဒီလို အကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါမလာသေးဘူး။ ကျန်နေသေးတယ်။ အဲဒီတော့ တကယ်တမ်း ပြုပြင် ပြောင်းလဲတယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်တဲ့နေရာမှာလည်း လက်မှတ်ထိုးထားတာ ရှစ်ဖွဲ့ပဲရှိတယ်။ ကျန်တဲ့အဖွဲ့တွေ ပါမလာသေးဘူး။ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတော့ ပြည်သူတွေနစ်နာတာပေါ့။ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ကဏ္ဍတိုင်းကို ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်။ ဒါကြောင့် ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားမှုအပြီးတွင် မီဒီယာများအား ပြောကြားသည်။

Most Read

Most Recent