ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဆက်လက်တွေ့ဆုံ

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဆက်လက်တွေ့ဆုံ
Published 24 November 2015
ငြိမ်းဇော်လင်း၊မျိုးမင်းထက်

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် နံနက် ၁၀ နာရီခွဲ အချိန်မှ စတင်ကာ တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးနှင့် ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံမှုသည် ပထမဆုံး အကြိမ်ဖြစ်ကာ ကာကွယ်ရေး ဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဝန်ကြီးတို့နှင့်တွေ့ဆုံမှုတွင် မည်သည်တို့ကို ဆွေးနွေးခဲ့သည်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ရွေးကောက်ပွဲ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု လွှတ်တော်နာယကတို့သည် ယခု ၁၃ ကြိမ်မြောက် လွှတ်တော် သက်တမ်းအတွင်း တတိယအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုဝင်ဘာ ၁၇ ရက်နှင့် နိုဝင်ဘာ ၁၉ ရက်တို့တွင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် သီးခြားတွေ့ဆုံခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ   လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
နိုဝင်ဘာ ၁၉ ရက်က ၎င်းတို့နှစ်ဦး တွေ့ဆုံမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက် ရက်စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံ၍ တွေ့ဆုံဆွေးနွေးလိုကြောင်း လွှတ်တော်နာယကထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီးနောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၈ ရက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်းမှုရရှိစေရန်၊ ပြည်သူ့အသံလွှတ် တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ မူဝါဒ ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်နှင့် ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန်တို့ကို နှစ်ဖက် သဘောတူညီမှုရရှိခဲ့ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့တွေ့ဆုံရန်အတွက် ပြည်ထောင်စုလွှတ်တော် နာယကအပြင် သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း ပေးပို့ထားသည်။

Most Read

Most Recent