မြန်မာနိုင်ငံသို့ ထုတ်လုပ်မှု အခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည် တင်သွင်းမှုများမှာ သွင်းကုန် စုစုပေါင်း ၄၅ ရာခိုင်နှုန်းခန့် ရှိနေ

မြန်မာနိုင်ငံသို့ ထုတ်လုပ်မှု အခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည် တင်သွင်းမှုများမှာ သွင်းကုန် စုစုပေါင်း ၄၅ ရာခိုင်နှုန်းခန့် ရှိနေ
Published 23 November 2015
နီလာ

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ကုန်သွယ်မှုလိုငွေ ဆက်တိုက်ပြနေခဲ့သည်။ လက်ရှိအချိန်တွင်လည်း ထုတ်လုပ်မှုအခြေခံ ရင်းနှီးကုန်စည်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများအတွက် ရင်းနှီးကုန်စည်များ တင်သွင်းမှုကြောင့် ကုန်သွယ်မှုပမာဏတွင် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် ပိုများနေဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
သွင်းကုန်အမျိုးအစားတွင် ရင်းနှီးကုန်စည်၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် လူသုံးကုန်စည်များဟူ၍ သုံးပိုင်းရှိသည့်အနက် ရင်းနှီးကုန်စည်သည် ၄၅ ရာခိုင်နှုန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းမှာ ရာခိုင်နှုန်း ၃၀ နှင့်  လူသုံးကုန်စည်မှာ ၂၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။
“လက်ရှိမြန်မာနိုင်ငံမှာ သွင်းကုန်က ပို့ကုန်ထက် ပိုများနေတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတယ်လို့ ပြောနေတာတွေ ရှိပါတယ်။ တကယ်တမ်းကျတော့ ပို့ကုန်ပိုင်းမှာ Trades Policy အနေနဲ့ ဘာမှကန့် သတ်ထားတာ မရှိပါဘူး။ ဖြစ်နေတာက ကျွန်တော်တို့က ရင်းနှီးကုန်စည်တင်သွင်းမှု (Capital Goods ) တင်သွင်းမှုက ရာခိုင်နှုန်း ၄၀ရဲ့ အထက်မှာ ရှိနေပါတယ်။ နောက်တစ်ခုက  စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေ တင်သွင်းမှုက ရာခိုင်နှုန်း ၃၀ လောက်ရှိတယ်။ အခြား လူသုံးကုန် ပစ္စည်းတင်သွင်းမှုက ၂၅ ရာခိုင်နှုန်းပဲရှိပါတယ်။ အခု  SMES တွေကနေပြီးတော့ သွင်းကုန်တွေ တက်လာရင် သူတို့လုပ်ငန်းတွေ ပျက်မယ်လို့ ပြောတာရှိပါတယ်။ တချို့တကယ် ပျက်စီးသွားတာတွေလည်း ရှိပါတယ်။ ဥပမာ - စားအုန်းဆီ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ပါဘူး။ ဒါဟာ အရေးကြီးပါတယ်”ဟု ဒေါက်တာမောင် အောင်က ပြောကြားသည်။
ရင်းနှီးကုန်စည် သွင်းကုန်များအနက်  Drawnback ဟုခေါ်သည့် ပြန်လည်ထုတ်ယူမည့် သွင်းကုန်မှာ အများဆုံးဖြစ်ပြီး အကြီးစား ယန္တရားကြီးများ ဆောက်လုပ်ရေးဆိုင်ရာ ကိရိယာများ ပါဝင်ကြောင်း၊  စာရင်းသဘောအရ တန်ဖိုးပေးသွင်းပြီး သွင်းကုန်စာရင်းတွင် ပါဝင်သော်လည်း ငွေကြေးအားဖြင့် ပေးချေမှု မရှိကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများ  ပြီးစီးပါက ပြန်လည်ထုတ်ယူမည့် သွင်းကုန်ပစ္စည်းများ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။
၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၆ ရက်အထိ ပို့ကုန်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၆၃၉၆ သန်းကျော် ရရှိထားပြီး သွင်းကုန်ပိုင်းမှ အမေရိကန်ဒေါ်လာ ၈၅၂၅ သန်း ကျော်ရရှိကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၂၄သန်းကျော်ရှိကာ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၂၁၃၁ သန်းကျော် ပြနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။    
 

Most Read

Most Recent