နိုင်ငံခြားငွေ လိုင်စင်များ ရုပ်သိမ်းပြီးနောက် အခက်အခဲ တွေ့လာရသည့် ဒေါ်လာသိန်းနှင့်ချီ ကိုင်တွယ်ရသော လုပ်ငန်းကြီးများကို Money Changer လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုမည်

နိုင်ငံခြားငွေ လိုင်စင်များ ရုပ်သိမ်းပြီးနောက် အခက်အခဲ တွေ့လာရသည့် ဒေါ်လာသိန်းနှင့်ချီ ကိုင်တွယ်ရသော လုပ်ငန်းကြီးများကို Money Changer လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုမည်
Published 22 November 2015
ဖြိုးဝေ

နိုင်ငံခြားငွေ လိုင်စင်များ ရုပ်သိမ်းပြီးနောက် အခက်အခဲ တွေ့လာရသည့် ဟိုတယ်၊ ခရီးသွားလုပ်ငန်း အစရှိသည့် လုပ်ငန်းကြီးများကို Money Changer လိုင်စင်များ လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။မြန်မာနိုင်ငံတွင် ဒေါ်လာကိုင်ဆောင်ခွင့် မပြုခဲ့သည့် ၁၉၄၇ ခုနှစ်ခန့်တွင် အဆိုပါ နိုင်ငံခြားငွေလိုင်စင်များကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအား ပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် လိုအပ်မှု မရှိတော့သဖြင့် အဆိုပါ လိုင်စင်များကို ပြန်လည် ရုပ်သိမ်းခြင်းဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။ထို့ပြင် မြန်မာနိုင်ငံသားများ အနေနှင့် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၀ အထိ ကိုင်ဆောင်ခွင့် ရရှိထားသည့်အပြင် အခြားသော နိုင်ငံများတွင် ကန့်သတ်ထားသည့် Account Transfer ကိုလည်း ကန့်သတ်ထားမှု မရှိကြောင်း ဦးဆက်အောင်က ပြောကြားသည်။ထို့သို့သော အခြေအနေများတွင် ဒေါ်လာ ၁၀၀၀၀ အထက် ကိုင်ဆောင်အသုံးပြုရသည့် လုပ်ငန်းကြီးများ အနေနှင့် ထိုသို့ လိုင်စင်ရုပ်သိမ်းလိုက်သည့် အခြေအနေများအတွက် ယင်းတို့၏ လုပ်ငန်းများဆိုင်ရာ ဒေါ်လာသိန်းနှင့်ချီ၍ ပေးချေရမှုများတွင် အခက်အခဲ မရှိစေရန် နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်များ လုပ်ဆောင်ပေးသွားမည်ဟု ဦးဆက်အောင်က ဆက်လက်ပြောကြားသည်။အောက်တိုဘာ ၁၉ ရက်မှ စတင်၍ နိုင်ငံခြားသုံးငွေ လိုင်စင်များ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဟိုတယ်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ Duty Free Shop များ၊ လေကြောင်းလိုင်းများ၊ ဆေးရုံများ၊ Freight Forwarder များ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ အခြားကုမ္ပဏီများ (ဥပမာ-အချိုရည်နှင့် ယမကာ၊ အမြန်ချောပို့၊ ပိုးသတ်ဆေးဖျန်း၊ မီဒီယာ၊ အခန်းများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသော လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများ အားလုံး)၊ အလားတူ အခြားလုပ်ငန်းများဖြစ်သော ယွန်းထည်၊ ပိုးထည်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ စူပါမားကက်၊ ဂေါက်သီးကလပ်များနှင့် နာရေးကူညီမှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများအားလုံးကို အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားမှုကြောင့် နိုင်ငံခြားငွေနှင့် လစာပေးချေမှုများနှင့် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ရှိ၊ မရှိ ဝေခွဲမရသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ပြည်တွင်းကျပ်ငွေ သုံးစွဲမှုတွင် ကျယ်လာစေရန် ယခင်ချထားပေးခဲ့သည့် နိုင်ငံခြားငွေ လိုင်စင်များကိုသာ ရုပ်သိမ်းခြင်းသည် ပထမအဆင့် လုပ်ဆောင်ချက်သာဖြစ်ပြီး ဒုတိယ အဆင့်တွင် နိုင်ငံခြားငွေများ သုံးစွဲနေမှုကို ကန့်သတ်ရန်နှင့် တတိယ အဆင့်တွင် ကန့်သတ်ထားမှုအား ကျော်လွန်၍ နိုင်ငံခြားငွေ အသုံးပြုသူများအား အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။ 

Most Read

Most Recent