အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် လုပ်ငန်း စီမံကိန်း ၈၄ ခု ပယ်ဖျက်ပေးရန် တင်ပြမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးခဲ့သော်လည်း ပြည်သူ့လွှတ်တော် အတည်ပြု

အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် လုပ်ငန်း စီမံကိန်း ၈၄ ခု ပယ်ဖျက်ပေးရန် တင်ပြမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးခဲ့သော်လည်း ပြည်သူ့လွှတ်တော် အတည်ပြု
Published 21 November 2015

အစိုးရက လွှတ်တော်တွင် ဖြေကြားခဲ့ပြီး ကတိကဝတ် ဖြစ်ခဲ့သည့် လုပ်ငန်း စီမံကိန်း ၈၄ ခုကို ပယ်ဖျက်ပေးရန် တင်ပြမှုအပေါ် နိုဝင်ဘာ ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးခဲ့သော်လည်း လွှတ်တော်က အတည်ပြုခဲ့သည်။ယင်းတင်ပြမှုကို ပြည်သူ့လွှတ်တော် အစိုးရ၏  အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက နိုဝင်ဘာ ၁၇ ရက်က တင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ကိုယ်စားလှယ်ငါးဦးက ကန့်ကွက် ဆွေးနွေးခဲ့သဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ များသည့်အတွက် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ယခုကဲ့သို့ ကတိအဖြစ်မှ ပယ်ဖျက်ခြင်းသည် ပြည်သူ့ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များကို အစိုးရက ရိုက်ချိုးသကဲ့သို့ ဖြစ်နေကြောင်း၊ ထိုသို့ ပယ်ဖျက်ရန် အတွက်လည်း ကော်မတီက သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ခေါ်ယူဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အခွင့်အရေးနှင့် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိပါးစေနိုင်သောကြောင့် ကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာကို ပယ်ဖျက်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။“ဒီမိုကရေစီခေတ်မှာ အစိုးရက အပြောင်းအလဲ ဖြစ်နေမည်မှာ ဓမ္မတာပင် ဖြစ်ပါတယ်။ အစိုးရပြောင်းတာနဲ့ မိမိတို့၏ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များကို ပယ်ဖျက်တာ မဖြစ်သင့်ပါ။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော် အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။ ကြားကာလတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ မရှိသော်လည်း ဝန်ကြီးဌာနများတွင် ညွှန်ချုပ်များ ရှိနေ၍ ကြားကာလအတွက် ၎င်းတို့ကို တာဝန်ခံစေပြီး နောင်အစိုးရ လက်ထက်မှာ ဆက်လက် ဆောင်ရွက်စေသင့်ပါတယ်။ နောက်အစိုးရ ပြောင်းတာနဲ့ ပေးထားတဲ့ ကတိကဝတ်များ ပယ်ဖျက်ခဲ့လျှင် နောင်အစိုးရ လက်ထက်များမှာလည်း ဒီလိုပဲ လုပ်လာမှာ ဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုများလည်း ရှိတော့မည် မဟုတ်ပါ။ မကောင်းသော အမူအကျင့်၊ အလေ့အကျင့်များကို ထားခဲ့သလို ဖြစ်စေပါတယ်” ဟု ကွမ်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက ကန့်ကွက်ဆွေးနွေးရာတွင် ပြောကြားသည်။အစိုးရက လွှတ်တော်တွင် ကတိဖြစ်ခဲ့သည်များကို ပယ်ဖျက်ခဲ့ပါက အပစ်ရပ် သဘောတူ စာချုပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စရပ်များ အတွက်ပါ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းလည်း ဒေါ်နန်းဝါနုက ပြောကြားသည်။ထို့အတူ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်းက အစိုးရ၏ အကြောင်းပြချက်များသည် ကတိကို မဖျက်မဖြစ် အခြားရွေးချယ်စရာ မရှိသည့် အကျပ်အတည်း ဖြစ်စေသလား၊ လွှတ်တော်သက်တမ်းမှာ ရရှိသည့် ကတိများသည် ယခုကဲ့သို့ ပယ်ဖျက်ခံရမည့် အစဉ်အလာဆိုးကို လက်ခံရမည်လား၊ အစိုးရဟောင်း၏ ကတိကဝတ်များကို နောက်အစိုးရသစ်က လက်မခံရဟူသည့် ဥပဒေ နည်းဥပဒေ ရှိပါသလား၊ လွှတ်တော်၌ ပေးထားသည့် ကတိအဆင့်၌သာ ရှိသောကြောင့် ပြီးပြီးရောဖြတ်လိုက်သည်လား ဆိုသည်ကို သိရှိလိုကြောင်း ပြောကြားသည်။ဦးဖေသန်းက “ယုတ္တိရှိပြီး လုံလောက်တဲ့ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ပြည်သူများ၏ အခွင့်အရေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို အစိုးရ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ကတိရပြီး လုပ်ငန်း ၈၄ ခုကို ပယ်ဖျက်ရန် တင်ပြလာသည့် အစီရင်ခံစာအား အတည်မပြုဘဲ ပယ်ဖျက်သင့်ပါကြောင်း လေးစားစွာ တင်ပြအပ်သည်” ဟု ကန့်ကွက်ခဲ့သည်။“မကြာသေးမီက ကတိပေးထားတယ်။ ၁၂ ကြိမ်မြောက်ကနေ ၁၃ ကြိမ်မြောက်မှာ ကတိ ပယ်ဖျက်ခံခဲ့ရတယ်။ ဒီလိုမလုပ်နိုင်ရင် အစောကတည်းက မပေးခဲ့ရဘူး။ ကတိပေးပြီးတော့ ကတိကို ပျက်ကွက်တာ ကျွန်တော်တို့ အနေနဲ့က ကတိပျက်ကွက်ရင် စွပ်စွဲပြစ်တင်ဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ လွှတ်တော်က ဒါတွေ မလိုချင်ဘဲနဲ့ ထိန်းညှိတဲ့ သဘောဆိုရင် ဒီကတိတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ပြန်ပြီး စီစဉ်ပါ။ ကတိကဝတ် ကော်မတီက တင်သွင်းထားတဲ့ အတည်ပြုပေးဖို့ ကိစ္စတွေကို လွှတ်တော်က အတည်မပြုပေးဖို့ တင်ပြပါတယ်” ဟု အလုံ မဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က ပြောကြားသည်။ထို့ပြင် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးခမိုင်မုန်ကွမ်နှင့် သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းတို့ကလည်း ဆွေနွေးခဲ့သည်။ထို့နောက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အစီရင်ခံစာအား အတည်ပြုရန် သဘောတူပါသလားဟု မေးမြန်းရာ မည်သူမျှ ပြန်လည် မဖြေကြားသဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၆၂ မဲ၊ ကန့်ကွက်မဲ ၉၂ မဲသာ ရှိခဲ့သဖြင့် အဆိုကို အတည်ပြုခဲ့သည်။ကော်မတီ၏ အစီရင်ခံစာတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများ၏ ကတိဖြစ် ကြယ်ပွင့်ပြ မေးခွန်း ၁၆ ခု၊ ကတိဖြစ် ကြယ်ပွင့်မပြ မေးခွန်း ၆၅ ခု၊ အတည်ပြုအဆို သုံးခုကို ကတိအဖြစ်မှ ပယ်ဖျက်ပေးရန် ပါရှိသည်။

Most Read

Most Recent