နှစ်နိုင်ငံကြား နယ်စပ် ပြဿနာများကြောင့် သုံးနှစ်ကျော်ကြာ ကုန်သွယ်မှု အားနည်းခဲ့သော ဘင်္ဂလားဒေ့ရှ်နှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ တိုးမြှင့်လုပ်ဆောင်မည်

နှစ်နိုင်ငံကြား နယ်စပ် ပြဿနာများကြောင့် သုံးနှစ်ကျော်ကြာ ကုန်သွယ်မှု အားနည်းခဲ့သော ဘင်္ဂလားဒေ့ရှ်နှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ တိုးမြှင့်လုပ်ဆောင်မည်
Published 20 November 2015
သက်ထား

နှစ်နိုင်ငံကြား နယ်စပ် ပြဿနာများကြောင့် သုံးနှစ်ကျော်ကြာ ကုန်သွယ်မှု အားနည်းခဲ့သော ဘင်္ဂလားဒေ့ရှ်နှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ယင်းသို့ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ တိုးမြှင့် လုပ်ဆောင်ရန်အတွက် ကုန်သည် စက်မှုအသင်းချုပ်ရုံး၏ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး  H.E.Mr.Mohammad Sufiur Rahman တို့သည့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံကြား နယ်စပ်ပြသနာများကြောင့် အချိန်သုံးနှစ်ကျော်ကြာ အားနည်းခဲ့သော နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုကို အလေးထား တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှုကိုတိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ နယ်စပ် ကုန်သွယ်မှု ချောမွေ့မြန်ဆန်လာစေရေး၊ နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး စိန်ခေါ်မှုများကို အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများပါ သိရှိနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဖိုရမ်များကျင်းပ၍ ဆွေးနွေး အဖြေရှာရေးနှင့် ပွင့်လင်းမြင်သာသော၊ တာဝန်ယူမှုရှိသော နှစ်နိုင်ငံ စီးပွားရေး လုပ်ဆောင်မှုများ ရှိလာစေရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ -ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားကြောင်း သိရသည်။
ယင်းသို့ ကုန်သွယ်မှု လုပ်ငန်းများ အပြန်အလှန် ဆောင်ရွက်ရာတွင် အဆိုပါ အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများကို တင်ပို့ခဲ့ကြောင်း သိရသည်။
အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန် နယ်စပ်စခန်း ၁၅ ခုကို ဖွင့်လှစ်ထားပြီး ထိုင်းနယ်စပ်တွင်မူ ကုန်သွယ်မှုစခန်း အများဆုံး ဖွင့်လှစ်ထားကြောင်း သိရသည်။ သို့သော် ကုန်သွယ်မှုမှာမူ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သွယ်မှု ပမာဏ တိုးတက်စေရန်အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent