ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်ရန် ပြင်ဆင်နေမှုမှာ ရာခိုင်နှုန်း ၁၀၀ နီးပါး ပြီးစီးနေပြီး ဖွင့်ပွဲနေ့တွင် အမေရိကန်အပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်နှင့် လာရောက်လေ့လာရန် စိတ်ဝင်စားမှု များပြားနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာ့ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲကို ၂၀၁၅ ဒီဇင်ဘာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ ရန်ကုန်မြို့ မြဝတီဘဏ်ရုံးချုပ်ဟောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။“ရန်ကုန်စတော့အိပ်ချိန်းက မကြာခင်မှာ ဖွင့်တော့မယ်။ ကမ္ဘာကလည်း စိတ်ဝင်စားမှု မြင့်တက်နေတယ်။ ဖွင့်ပွဲနေ့မှာဆိုရင် အမေရိကန်အပါအဝင် နိုင်ငံတကာက လာချင်နေတာများတယ်။ ထိုင်းနိုင်ငံဆိုရင် ဘယ်လောက်ထိ စိတ်ဝင်စားမှုများလဲဆိုရင် သူတို့ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ၇၆ ယောက်တောင် လာမယ်လို့ ပြောတယ်။ ဒါပေမဲ့ ခန်းမက ၁၅၀ လောက်ပဲ ဆံ့တာဆိုတော့ နိုင်ငံတကာနဲ့ တင်များနေတာ။ မြန်မာနိုင်ငံရဲ့စီးပွားရေးအနေအထားက အလားအလာကောင်းနေတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု အရမ်းများနေတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ထို့ပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် စတော့အိတ်ချိန်း တည်ထောင်ရခြင်း မရှိသည့်နိုင်ငံမှာ သုံးနိုင်ငံရှိကြောင်း၊ ယင်းအထဲတွင် မြန်မာနိုင်ငံသည် ပါဝင်နေသောကြောင့် စတော့အိတ်ချိန်း ပေါ်ပေါက်ရန်မှာ အရေးကြီးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းကို စတင်ရာတွင် အများပိုင်ကုမ္ပဏီ ခုနစ်ခုခန့်ဖြင့် စတင်သွားမည်ဖြစ်ကာ စတော့အိတ်ချိန်းစာရင်းဝင်ရန် စံသတ်မှတ်ချက် ၁၇ ချက်နှင့် ပြည့်မီသည့် ကုမ္ပဏီများဖြင့်သာ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်၊ Japan Exchange Group တို့သည် ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်ရန် နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ (Joint Venture) ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းကို ပထမအရစ် အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးမှု ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ်လုပ်ဆောင်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ မြန်မာနိုင်ငံအနေဖြင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ပွဲနေ့တွင် အမေရိကန်အပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်နှင့် လာရောက်လေ့လာရန် စိတ်ဝင်စားမှုများနေ










