ကာလအတန်ကြာ အေးစက်နေသည့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဗဟန်း၊ မရမ်းကုန်း စသည့် အကွက်အကွင်းကျသည့် တန်ဖိုးကြီး မြေနေရာများနှင့် တိုက်ခန်းများ အရောင်းအဝယ် ဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ စုံစမ်းသိရသည်။“ခုရက်ထဲမှာ အိမ်ခြံမြေ အရောင်းအဝယ် နည်းနည်း ပြန်လှုပ်လာပါတယ်။ အကွက်အကွင်းကျတဲ့ အင်းလျားလမ်း၊ ဗဟန်း၊ ရွှေတောင်ကြားထဲမှာဆို သိန်းပေါင်း တစ်သိန်းကျော်နဲ့ အရောင်းအဝယ် ရှိလာတယ်။ သံလွင်လမ်းမှာဆို သိန်းခြောက်သောင်း၊ ခုနစ်သောင်းကျော်နဲ့ အရောင်းအဝယ်တွေ ရှိလာတယ်။ ဒါတွေက နေထိုင်ဖို့ရော ရင်းနှီးမြှုပ်နှံချင်သူတွေက ဝယ်ကြတာလည်း ပါပါတယ်” ဟု ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။တိုက်ခန်း အရောင်းအဝယ် ဈေးကွက်တွင်မူ အမှန်တကယ် နေထိုင်လိုသူများနှင့် ငှားစားရန် ဝယ်ယူသူများကြောင့် ဈေးကွက်သွက်လာခြင်းဖြစ်ကြောင်း သိရသည်။“အများအားဖြင့် တိုက်ခန်းအရောင်းအဝယ် အငှားကတော့ စမ်းချောင်းက အသွက်ဆုံးပဲ။ နေချင်တဲ့သူတွေ ဝယ်ကြတယ် ပြီးတော့ ကိုယ်တိုင် မနေပေမယ့် ပြန်ငှားဖို့အတွက် ဝယ်ကြတာလည်းရှိတယ်။ ခုချိန်မှာ အရောင်းအဝယ်စပြီး ပြန်သွက်လာတာ စမ်းချောင်းပဲ” ဟု Estate Myanmar အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ထို့ပြင် လူနေထူထပ်လာကာ ဖွံ့ဖြိုးလာသည့် မြောက်ဒဂုံမြို့နယ်တွင်လည်း နေထိုင်လိုသူများက စုံစမ်းဝယ်ယူမှု ရှိလာကြောင်း သိရသည်။ ကျပ်သိန်း ၂၀၀၀၊ ၃၀၀၀ ဈေးဆိုပါက ခြံဝင်းကျယ်ကျယ် အိမ်များရနိုင်ကာ ကျပ်သိန်း ၆၀၀၀ ဝန်းကျင် အိမ်အချို့မှာ ရေကူးကန်ပါသည်အထိ ရှိကြောင်း သိရသည်။ပြီးခဲ့သည့် ကာလများက ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် မရှိခဲ့သလောက် အေးစက်ခဲ့သည် ဆိုသော်လည်း အငှားဈေးနှုန်းများပါ ဈေးနှုန်းကျဆင်းမှု မရှိခဲ့ပေ။ အခြားတစ်ဖက်တွင် အိမ်ရာလိုအပ်ချက် မြင့်နေသော်လည်း လက်ရှိထုတ်လုပ်နေသည့် တိုက်ခန်းများ ဝယ်ယူမည့်သူ မရှိဘဲ ဈေးကွက်အေးစက်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ၏ မြေဈေးကွက်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာခြင်း၊ ဈေးကစားခြင်း၊ ဈေးကစားသည့် မြေများကို Property gain tax မကောက်နိုင်ခြင်း၊ စီမံကိန်းနယ်မြေများ ပေါ်ထွက်လာခြင်း၊ ထိုစီမံကိန်းများ ရှိသော်လည်း ထိုစီမံကိန်းများကြောင့် မြေဈေးများ မြင့်တက်ခဲ့သော်လည်း Property gain tax ကောက်ယူနိုင်ခြင်း မရှိခြင်းတို့ကြောင့် မြေဈေးကွက်သည် သိသိသာသာ တက်လာခဲ့ပြီး ကမ္ဘာပေါ်တွင် မြေဈေးအမြင့်ဆုံးဖြစ်သည့် တိုကျို၊ စင်ကာပူ၊ နယူးယောက်တိုင်းမ်စကွဲ စသည့် မြေများနှင့်အပြိုင် မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကြီး အချို့သည် မြေဈေးကြောင့် လှည့်ပြန်သွားခဲ့ရသည့် သာဓကများလည်း ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် တောင်ကိုရီးယား၏ ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု တရားဝင် ဝင်ရောက်လာမည့် SAMSUNG သည် မြေဈေးနှုန်း ကြီးမြင့်မှုကြောင့် ဗီယက်နမ်နိုင်ငံသို့ ဦးလှည့်သွားသည့် သာဓကများ ရှိခဲ့ကြောင်း သိရသည်။သို့သော်လည်း ရွေးကောက်ပွဲပြီးကာလ လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက် အနည်းငယ် လှုပ်ခတ်မှု ရှိလာပြီး အိမ်ခြံမြေ ဈေးနှုန်းများမှာ လူလတ်စားများနှင့် ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။
ကာလအတန်ကြာ အေးစက်ခဲ့သည့် ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အကွက်အကွင်းကျသည့် တန်ဖိုးကြီး မြေနေရာများနှင့် တိုက်ခန်းများ ရွေးကောက်ပွဲပြီးနောက်ပိုင်း အရောင်းအဝယ် ပြန်ဖြစ်လာ










