အာဆီယံ အသိုက်အမြုံ (Asean Community) အကောင်အထည်ဖော်မှု၌ အဓိကကျသော မဏ္ဍိုင်တစ်ခုဖြစ်သည့် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း (APSC) လုပ်ငန်းစီမံချက် ရာနှုန်းပြည့် ပြီးစီးကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ KLCC ၌ ပြုလုပ်သည့် အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်မှု အနေဖြင့် ပြုလုပ်ခဲ့သော အဆိုပါ အဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် APSC လုပ်ငန်းစီမံချက် (၂၀၁၅) ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။“ဒီနေ့ ကျွန်တော်တို့က ကျင်းပတဲ့ အဆင့်မြင့်အရာရှိ အစည်းအဝေးမှာတော့ နိုင်ငံရေးနဲ့ လုံခြုံရေး အသိုက်အဝန်းရဲ့ အောင်မြင်မှုက ဘယ်လောက်အထိ ရှိလဲဆိုတဲ့ဟာကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်တယ်ဆိုပြီးတော့ အားလုံးကနေပြီးတော့ အသိအမှတ် ပြုကြပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။ထို့ပြင် အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌လည်း APSC လုပ်ငန်းစီမံချက် ရာနှုန်းပြည့် ပြီးစီးကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ် အိုတမန်ဟာရှင်က သတင်းထောက်များကို အတည်ပြု ပြောကြားသည်။“ဒီအစည်းအဝေးမှာ စိတ်ကျေနပ်စရာ ကောင်းခဲ့တာက APSC လုပ်ငန်းစီမံချက် (၂၀၁၅) ရာနှုန်းပြည့် ပြီးစီးခဲ့တာပါပဲ။ ဒါ့အပြင် ၂၀၁၅ အတွက် လုပ်ငန်းစီမံချက်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်” ဟု အတွင်းရေးမှူးချုပ် အိုတမန်ဟာရှင်က ပြောကြားသည်။လာမည့် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်အသက်ဝင်မည့် အာဆီယံ အသိုက်အမြုံ (Asean Community) ကို မဏ္ဍိုင်သုံးခုဖြင့် ထူထောင်ခြင်းဖြစ်သည်။ ပထမမဏ္ဍိုင်မှာ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း (APSC) ဖြစ်ပြီး ဒုတိယမဏ္ဍိုင်မှာ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်သည်။ တတိယ တစ်ခုမှာ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်း (ASCC) ဖြစ်သည်။(မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်လျက်ရှိသော (၂၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် သတင်းရယူနေသည့် Eleven Media Group မှ တာဝန်ခံ အယ်ဒီတာ ကိုနေထွန်းနိုင်နှင့် သတင်းထောက် ကိုနေသီဟတို့၏ သတင်းပေးပို့ချက်များကို စုစည်းဖော်ပြအပ်ပါသည်။)
အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း (APSC) လုပ်ငန်းစီမံချက် ရာနှုန်းပြည့် ပြီးစီး















