ဒါန

ဒါန
Published 29 December 2016
ဘစံကောက်

စွန့်ကြဲပေးကမ်း လှူဒါန်းမှုဟူသမျှကို “ဒါန” လို့ခေါ်ပါတယ်။
ဒါနက နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက “ဝဋနိဿိတဒါန” လူ့စည်းစိမ် နတ်စည်းစိမ်ကို ရည်မှန်းပြီး သံသရာအဆက်ဆက် ဘဝအဆက်ဆက် ခံစားလိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးလှူတဲ့ဒါနဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ “ဝိဝဋနိဿိတဒါန” နိဗ္ဗာန်ကိုလိုချင်လို့ ဆင်းရဲဒုက္ခအားလုံး ရုပ်သိမ်းချုပ်ငြိမ်းချင်လို့ လှူ ဒါန်းတဲ့ဒါန ဖြစ်ပါတယ်။
ဒီနေရာမှာ ဒါနနဲ့ပတ်သက်ပြီး သိမှတ်သင့်တဲ့ အချက်ကတော့ ပေးကမ်းလှူဒါန်းတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးစတဲ့ ပစ္စည်းလေးပါးတို့အား “ဝတ္ထုဒါန” မျှသာဖြစ်လို့ အကျိုးမပေးနိုင်ကြဘဲ ကိုယ်တွင်းက ဖြစ်ပေါ်လာတဲ့ စိတ်စေတနာ “စေတနာဒါန” ကသာလျှင် အကျိုးပေးနိုင်ကြတယ် ဆိုတာပါပဲ။ ဆိုလိုတာက ဝတ္ထုပစ္စည်းတို့ဟာ လှူဒါန်းသူရဲ့စိတ်မှာ စေတနာ ဖြစ်ပေါ်လာဖို့ အာရုံယူတဲ့ သဘောမျှသာပါပဲ။ ဒါကြောင့်လည်း စေတနာ သဒ္ဓါတရား ထက်သန်လျှင် “ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက် ရတယ်” လို့ဆိုကြပေတာပေါ့၊ ဒါပေမဲ့ လူ့စိတ်ရဲ့သဘောက ပစ္စည်းနည်းနည်းနဲ့ လှူ ဒါန်းရတာထက် ပစ္စည်းများများ ကြီးကြီးကျယ်ကျယ်နဲ့ လှူဒါန်းရတဲ့အခါ ကြိုးစားအားထုတ်မှုကလည်း ပိုတာမို့ စေတနာကလည်း ပိုပြီးထက်သန်တတ်ပါတယ်။ ဒီနေရာမှာ စေတနာကလည်း သုံးမျိုးဖြစ်ပေါ်ပါတယ်။ “ပုဗ္ဗ” “မုဉ္စ” “အပရ” ဆိုတဲ့စေတနာသုံးမျိုးပါ။
“ပုဗ္ဗစေတနာ” ဆိုတာကတော့ မလှူမီ ရှေ့အဖို့မှာဖြစ်တဲ့ စေတနာပါ။ “မုဉ္စစေတနာ” ဆိုတာကတော့ လှူခဲ့၊ လှူခိုက်မှာဖြစ်ပေါ်တဲ့ စေတနာဖြစ်ပြီး “အပရစေတနာ” ကတော့ လှူဒါန်းပြီးတဲ့နောက်မှာ ဖြစ်ပေါ်တဲ့စေတနာပါ။ ဒီစေတနာသုံးမျိုး ပြည့်စုံမှလည်း အကျိုးပေးက ပြည့်စုံတတ်ပြီး ဒီအထဲက စေတနာတစ်မျိုးမျိုး ချို့ယွင်းခဲ့ရင်လည်း အကျိုးပေး မပြည့်စုံတတ်တာကို သတိထားဖို့ လိုပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါနနဲ့ပတ်သက်တဲ့ အကျိုးပေးကတော့ “အခုမရ နောက်ရ” ဆိုသလို အကျိုးပေးမှာကတော့ အသေအချာပါပဲ။ ဒီလိုပြောရတာကလည်း လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လှူတယ်ဆို အကျိုးပေးက ချက်ချင်းရမှ သဘောကျတတ်ကြလို့ပါပဲ။ ဒီလို “ဒိဋ္ဌဓမ္မ” ချက်ချင်းအကျိုးပေးဖို့ ဆိုတာကတော့ အင်္ဂါလေးပါးနဲ့ ပြည့်စုံဖို့လိုပါတယ်။  
(၁) ဝတ္ထုသမ္ပဒါ = အလှူခံပုဂ္ဂိုလ်တို့ဟာ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ (ဒါမှမဟုတ်) အနာဂါမ် အစရှိတဲ့ မြင့်မြတ်တဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။
(၂) ပစ္စယသမ္ပဒါ = ပေးကမ်းလှူဒါန်းတဲ့ ဝတ္ထုပစ္စည်းဟာ တရားသဖြင့် ရှာဖွေလို့ရထားတဲ့ စင်ကြယ်တဲ့ ဝတ္ထုပစ္စည်းဖြစ်ဖို့ လိုပါတယ်။
(၃) စေတနာသမ္ပဒါ = ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ အစရှိတဲ့ စေတနာသုံးတန် ပြဋ္ဌာန်းတဲ့ စိတ်ရှိဖို့လိုပါတယ်။
(၄) ဂုဏတိရေကသမ္ပဒါ = အလှူခံပုဂ္ဂိုလ်ဖြစ်သူတို့ဟာ နိရောဓသမာပတ်မှ ထတော်မူသောအခါ ဖြစ်ဖို့လိုပါတယ်။ ဒီလို အင်္ဂါလေးပါးနဲ့ ညီခဲ့ရင်တော့ လှူဒါန်းတဲ့အလှူဟာ မလွဲဧကန် ဒိဋ္ဌဓမ္မ အကျိုးပေးပါလိမ့်မယ်။
ဒီလိုဆိုလိုက်လို့ ကျန်တဲ့ပုဂ္ဂိုလ်တွေကို မလှူထိုက် မလှူရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ အမှန်ကတော့ မိမိစိတ်က စေတနာသဒ္ဓါတရား ထက်သန်မယ်သာဆို မည်သည့်ပုဂ္ဂိုလ်ကိုမဆို ပေးလှူခြင်းဟာ အကျိုးတစ်စုံတစ်ရာ ရနိုင်တာချည်းပါပဲ။ အလှူခံပုဂ္ဂိုလ်ကလည်း (၁၄) မျိုးတောင်မှ ရှိပါတယ် အဲဒီ (၁၄) မျိုးထဲမှာ သီလမရှိတဲ့ ပုဂ္ဂိုလ်နဲ့ တိရစ္ဆာန်များကို ပေးကမ်းစွန့်ကြဲရင်တောင်မှ ဒါနမြောက်တယ်လို့ ဆိုထားတာမို့ အလှူခံပုဂ္ဂိုလ်ရယ်လို့ သတ်သတ်မှတ်မှတ် ထားမနေဘဲ လိုအပ်တဲ့သူ မှန်သမျှကို စေတနာဖြူဖြူနဲ့ ပေးလှူတတ်ကြဖို့သာ လိုပါတယ်။
ဒီလိုစွန့်ကြဲပေးကမ်း လှူဒါန်းကြတဲ့ အလှူရှင်တွေမှာ ရနိုင်တဲ့ အကျိုးတရားကတော့ ငါးပါးရှိပါတယ်။ အဲဒါတွေကတော့-
(၁) လူများစွာတို့က ချစ်ခင်မြတ်နိုးခြင်း။
(၂) သူတော်ကောင်းတို့က ချဉ်းကပ်ခြင်း။
(၃) အလှူရှင်ရဲ့ ကောင်းသတင်း ကျော်စောခြင်း။
(၄) ပရိသတ်အမျိုးမျိုးတို့၏အလယ်သို့ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာဖြင့် ဝင်နိုင်ခြင်း။
(၅) သေလွန်သောအခါ ကောင်းရာသုဂတိသို့ ရောက်ရခြင်း
ဆိုတဲ့ အကျိုးတရားငါးပါးပါ။ ဒီနေရာမှာ မိမိလှူဒါန်းပေးကမ်းတဲ့ ပစ္စည်း၊ ဝတ္ထုအပေါ်မှာ မူတည်ပြီး ရနိုင်တဲ့ အကျိုးတရားတွေကိုလည်း သိထားဖို့လိုပါလိမ့်မယ်။ ဒါတွေကတော့ -
(၁) အစားအစာကို ပေးလှူခြင်းဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်။ (ဒါကြောင့် အစားအစာကို ပေးလှူခြင်းဖြင့် မိမိမှာလည်း အစာရေစာ ငတ်မွတ်ခြင်း ဘေးကင်းပြီး ဖြစ်လေရာဘဝမှာ ခွန်အားဗလနဲ့ ပြည့်စုံနိုင်ပါလိမ့်မယ်)
(၂) အဝတ်အထည်ပုဆိုး၊ သင်္ကန်းတို့ကို ပေးလှူခြင်းဟာ အဆင်းကိုပေးလှူရာ ရောက်ပါတယ် (ဒီအလှူရဲ့ အကျိုးကြောင့် မိမိမှာအဝတ်၊ ပုဆိုး အစရှိသဖြင့် ပြည့်စုံပြီး ဖြစ်လေရာရာ ဘဝမှာ အဆင်းလှခြင်း အကျိုးကို ခံစားရပါလိမ့်မယ်)
(၃) ယာဉ်၊ ရထားအစရှိသည်တို့ကို ပေးလှူ ခြင်းဟာ ချမ်းသာကို ပေးလှူရာရောက်ပါတယ် (ဒီခေတ်သံဃာတော်များကို ကားလက်မှတ်၊ ရထားလက်မှတ်၊ ထီး၊ ဖိနပ်အစရှိသဖြင့် ပေးလှူခြင်းအပြင် ကား၊ ရထားပေါ်မှာ အားနည်းသူများကို တွေ့ရတဲ့အခါ ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်သူများကို နေရာပေးခြင်းဟာလည်း ချမ်းသာကို ပေးလှူရာရောက်ပါတယ်)
(၄) လျှပ်စစ်မီး၊ ဆီမီး စသောအလင်းရောင်ကို ပေးလှူခြင်းဟာ မျက်စိကို ပေးလှူရာရောက်ပါတယ်။ (ဘဝဆက်တိုက် မျက်စိအလင်းရောင်ကို ရနိုင်ပါလိမ့်မယ်)
(၅) ဇရပ်၊ တန်ဆောင်း၊ ကျောင်းတို့ကို လှူ ဒါန်းခြင်းဟာ အလုံးစုံကို ပေးလှူရာရောက်ပါတယ်။
(၆) တရားဟောပြောပြသခြင်း၊ တရားစာအုပ် လှူဒါန်းခြင်း၊ တရားနာခြင်းတို့ဟာ နိဗ္ဗာန်ကို ပေးလှူရာရောက်တယ်လို့ “သံယုတ္တပါဠိတော်၊ သဂါထာဝဂ္ဂ၊ ဒေဝတာသံယုတ်” မှာဖော်ပြထားပါတယ်။
လှူဒါန်းတဲ့ ပုဂ္ဂိုလ်အနေနဲ့လည်း လှူ ဒါန်းတဲ့အခါ တစ်ဦးတစ်ယောက်၊ သံဃာတစ်ပါး၊ နှစ်ပါး၊ သုံးပါးအစရှိသဖြင့် ပုဂ္ဂိုလ်ကိုသာ ရည်မှန်းပြီး လှူဒါန်းမယ်ဆိုရင်တော့ ဒီလိုဒါနမျိုးကို “ပုဂ္ဂလိကဒါန” လို့ခေါ်ပြီး လက်ရှိ သက်ရှိထင်ရှား ရှိနေတော်မူကြတဲ့ သံဃာအပေါင်းနဲ့တကွ ပရိနိဗ္ဗာန်စံတော်မူကြကုန်သော ဘုရားရှင်အပေါင်းနဲ့ ရဟန္တာမြတ်အပေါင်းကိုပါ ရည်မှန်းပြီး လှူဒါန်းမယ်ဆိုရင်တော့ ပုဂ္ဂိုလ်ကို မရည်မှန်းဘဲ သံဃာအပေါင်းကို ရည်မှန်းပြီး လှူဒါန်းတာဖြစ်လို့ “သံဃိကဒါန” လို့ခေါ်ပါတယ်။ အကျိုးပေးကလည်း ပိုပြီးထက်သန်တတ်ပါတယ်။ ဒါကြောင့်လည်း တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး “အရှင်ဇနကာဘိဝံသ” က “သာသနာတော် ကြီးပွားရေးကို မြော်တွေးကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် လှူဒါန်းတော့မည်ဟု ပြင်ဆင်သောအခါ ငါ့ဘုန်းကြီး၊ ငါ့ဦးပဉ္စင်း အစွဲကို ပယ်ရှား၍ “သံဃဿဒေမိ၊ သံဃဿဒေမိ” “သံဃာအားလှူပါ၏။ သံဃာအားလှူပါ၏” ဟုနှုတ်ကလည်း ရွတ်၊ စိတ်ကလည်း ညွတ်ပါစေ။ ဤသို့လှူနိုင်လျှင် နေ့စဉ်ဆွမ်းလောင်းရာ၌လည်း သံဃိကဒါန ဖြစ်လာနိုင်ပါသည်” လို့လှူတတ်အောင် ဆုံးမတော်မူခဲ့တာပဲ ဖြစ်ပါတယ်။
အချုပ်ဆိုရသော် စိတ်စေတနာ ဖြူဖြူ စင်စင်နှင့် စွန့်ကြဲပေးကမ်း လှူဒါန်းမှုဟူသမျှ “ဒါန” ဖြစ်နိုင်ပြီး ဒါနရဲ့အကျိုးကြောင့် မိမိမှာလည်း ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာ မုချရနိုင်လိမ့်မယ်ဆိုတာကို ယုံယုံကြည်ကြည်နဲ့ ပြုနိုင်ကြစေချင်ပါတယ်။ ဧကန်မုချ အကျိုးရမယ်လို့လည်း သူတော်ကောင်းကြီးများက ဆိုခဲ့ပါတယ်။

Most Read

Most Recent